
■ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး လာအိုနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ပြီး လာအိုဒုတိယဝန်ကြီးချုပ်နှင့် အမျိုးသားကာကွယ်ရေးဝန်ကြီး၊ ကာကွယ်ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲတို့နှင့် သီးခြားစီတွေ့ဆုံ
■တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ ရောင်းဝယ်ဖြန့်ဖြူးခြင်းမှ တစ်ဆင့် လက်နက်ခဲယမ်းများ ဝယ်ယူဖြည့်တင်း၍ အင်အားတည်ဆောက်လျက်ရှိသဖြင့် နှစ်နိုင်ငံ နယ်စပ်ဒေသများတွင် ခိုအောင်းနေထိုင်မှုမရှိစေရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး
လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲ Lieutenant General Saichay Kommasith ၏ ဖိတ်ကြားချက်အရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ ချစ်ကြည်ခရီးစဉ်သွားရောက်လျက်ရှိသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် နိုဝင်ဘာ ၃ ရက်မွန်းလွဲပိုင်းတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် အမျိုးသားကာကွယ်ရေးဝန်ကြီး General Khamlieng Outhakayson အား ကာကွယ်ရေးဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမ၌ သွားရောက်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံသံတမန်ဆက်ဆံရေး၊ စစ်ဘက်ဆက်ဆံရေး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဆက်ဆံရေးတို့တွင် တိုးတက်ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊ ကမ္ဘောဒီးယား- လာအို - မြန်မာ - ဗီယက်နမ်တို့ပါဝင်သော CLMV အဖွဲ့ဝင် နိုင်ငံလေးနိုင်ငံ၊ မဟာမဲခေါင်ဒေသခွဲအဖွဲ့၊ ဧရာဝတီ - ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာအဖွဲ့တို့တွင်လည်း အဖွဲ့ဝင်နိုင်ငံများအဖြစ် ဒေသတွင်းတိုးတက် ဖွံ့ဖြိုးရေးကိစ္စရပ်များတွင် နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မဲခေါင်မြစ်လုံခြုံရေးအပါအဝင် နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မူးယစ်ဆေးဝါး၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရေးကောင်းမွန်အောင် နေထိုင်လျက်ရှိပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်နှင့်အညီ ရပ်တည်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံ၏လက်ရှိဖြစ်ပေါ် တိုးတက်မှုများဖြစ်သော ဒီမိုကရေစီနည်းကျ ရွေးချယ်ခံထားရသည့် နိုင်ငံတော်အစိုးရသည် ပြည်သူ့ဆန္ဒကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်၍ တက်ကြွပြီးဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒနှင့်အညီ အိမ်နီးချင်းကောင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ အပါအဝင် နိုင်ငံတကာနှင့်ဟန်ချက်ညီ ဆက်သွယ်ဆောင်ရွက်နေမှု အခြေအနေများ၊ တပ်မတော်အနေဖြင့်လည်း အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ကာကွယ်စောင့်ရှောက်နေသည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် နိုဝင်ဘာ ၃ ရက်မွန်းလွဲပိုင်းတွင် လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲ Lieutenant General Saichay Kommasith က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)တို့ တက်ရောက်ကြပြီး လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲနှင့်အတူ လာအိုပြည်သူ့တပ်မတော်မှ အရာရှိကြီးများ တက်ရောက်ပြီး ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အခမ်းအနားကျင်းပမည့် လာအိုအမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနသို့ရောက်ရှိရာ လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်စစ်ဦးစီးဌာန အကြီးအကဲက ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲတို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် လာအိုအမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာန အကြီးအကဲတို့သည် ဝန်ကြီးရုံးဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးတက်ခိုင်မာစေရေးဆိုင်ရာ ကိစ္စရပ်များ၊ တပ်မတော်နှစ်ရပ်ကြား အဆင့်လိုက် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေး၊ နယ်စပ်ဒေသကုန်သွယ်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လေ့ကျင့်ရေးဆိုင်ရာများ၊ တပ်မတော် အားကစား အဖွဲ့များ၊ ယဉ်ကျေးမှုအဖွဲ့များ အပြန်အလှန်စေလွှတ်ရေး ဆိုင်ရာကိစ္စရပ်များ၊ အွန်လိုင်းလောင်းကစားမှု ပပျောက်စေရေးအတွက် နှိမ်နင်းလျက်ရှိမှု၊ မြန်မာနိုင်ငံ အနေဖြင့် အွန်လိုင်းလောင်းကစားမှုများနှင့် အွန်လိုင်းလိမ်လည်မှုများအား အမြစ်ပြတ်ချေမှုန်းရန်၊ ဒေသတွင်း၌ အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်း လိမ်လည်မှုများ ကင်းစင်ပပျောက်စေရန်နှင့် အနာဂတ်တွင်လည်း ထပ်မံပေါ်ပေါက်လာခြင်းမရှိစေရန် ရည်ရွယ်၍ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး စစ်ဆင်ရေးများကို ဆက်လက်ဆောင်ရွက်လျက်ရှိမှုနှင့် ယနေ့အထိ အွန်လိုင်းလိမ်လည်မှုနှင့် သက်ဆိုင်သော အဆောက်အဦ ၁၀၅၃ လုံးအား ဖြိုချဖျက်ဆီးခဲ့မှု အခြေအနေများ၊ မူးယစ်ဆေးဝါးတားဆီး ကာကွယ်နှိမ်နင်းရေးဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ ရောင်းဝယ်ဖြန့်ဖြူးခြင်းမှတစ်ဆင့် ရရှိသောဝင်ငွေများဖြင့် လက်နက်/ခဲယမ်းများ ဝယ်ယူဖြည့်တင်း၍ အင်အား တည်ဆောက်လျက်ရှိသဖြင့် နှစ်နိုင်ငံ နယ်စပ်ဒေသများတွင် ခိုအောင်းနေထိုင်မှု မရှိစေရေး ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ ဒေသဆိုင်ရာနယ်ခြား ကော်မတီ(RBC)နှင့် ပူးတွဲနယ်ခြားလုံခြုံရေးကော်မတီ(JBSC)အစည်းအဝေးများ ကျင်းပနိုင်ခဲ့မှု အခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိစေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံတော်အစိုးရမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။