Eleven Media Group

■ မြန်မာ့သနပ်ခါး ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကိုယ်စားပြုစာရင်းတွင် ကနဦးပါဝင်လာ

မြန်မာ့သနပ်ခါး ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကိုယ်စားပြုစာရင်းတွင် ကနဦးပါဝင်လာကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ထုတ်ပြန်သည်။

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို UNESCO၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကိုယ်စားပြုစာရင်းတွင် စာရင်းသွင်းရန် ယူနက်စကိုအကဲဖြတ်အဖွဲ့၏ ဆုံးဖြတ်ချက်မူကြမ်းတင်သွင်းထားခြင်းဖြစ်သည်။

အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းအရ သနပ်ခါးယဉ်ကျေးမှု အဆိုပြုလွှာသည် သတ်မှတ်ထားသော စံနှုန်းများနှင့် ကိုက်ညီမှုရှိကြောင်း ကော်မတီက သုံးသပ်ထားပြီး ယင်းသို့ သုံးသပ်ရာတွင် မြန်မာလူမျိုးတို့၏နေ့စဉ်ဘဝနှင့် လက်ဆင့်ကမ်းမှု၊ မြန်မာ့သနပ်ခါးကို ထိန်းသိမ်းစောင့်ရှောက်ရန် ကြိုးပမ်းမှု အစရှိသည့် အချက်များ ပါဝင်ကြောင်း သိရသည်။

မြန်မာ့သနပ်ခါးသည် ကျင့်သုံးသူများ၏ နေ့စဉ်ဘဝတွင် ဟန်ချက်ညီမှု၊ စောင့်ရှောက်မှုနှင့် စည်းလုံးညီညွတ်မှုကို ကိုယ်စားပြုပြီး ဘာသာရေးဆိုင်ရာ ပွဲလမ်းသဘင်များနှင့်လူမှုရေးလုပ်ငန်းများတွင် အဓိက ပါဝင်ကြောင်း၊ အသိပညာနှင့် ကျွမ်းကျင်မှုများကို မိသားစုအတွင်း လက်ဆင့်ကမ်းပေးကြပြီး လေ့ကျင့်ရေးများနှင့် ယဉ်ကျေးမှုအစီအစဉ်များကလည်း
ထောက်ပံ့ပေးလျက်ရှိကြောင်း၊ အသိုက်အဝန်းများ၊ ကျင့်သုံးသူများ၊ စိုက်ပျိုးသူများ၊ ရောင်းချသူများ၊ ပညာရေးအဖွဲ့အစည်းများနှင့် အစိုးရဌာနဆိုင်ရာများ ပူးပေါင်း၍ သနပ်ခါးယဉ်ကျေးမှုကို ပညာပေးအစီအစဉ်များ၊ ရပ်ရွာပွဲတော်များနှင့် မီဒီယာများမှတစ်ဆင့် ထိန်းသိမ်စောင့်ရှောက်လျက် ရှိကြောင်း၊ အဆိုပြုလွှာကို လူမှုရေးအဖွဲ့အစည်းများ၊ ယဉ်ကျေးမှုအသင်းအပင်းများနှင့် ဒေသအသီးသီးမှ ပြည်သူများ ပူးပေါင်းပါဝင်သည့် အမျိုးသားစစ်တမ်း၊ အလုပ်ရုံဆွေးနွေးပွဲများဖြင့် ဖွဲ့စည်းပြင်ဆင်ခဲ့ပြီး သက်ဆိုင်သူများထံမှ လွတ်လပ်ပြီး ကြိုတင်သိရှိခွင့်ပြုချက် ရယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ၂၀၂၀ ပြည့်နှစ် မတ်လကတည်းက မြန်မာနိုင်ငံ အမျိုးသား ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ထည့်သွင်းခဲ့ပြီး ယဉ်ကျေးမှု၊ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက နှစ်နှစ်တစ်ကြိမ် ပုံမှန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ရောက်ရေးအတွက် လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဦးစီးဌာနက ထုတ်ပြန်သည်။

မြန်မာ့သနပ်ခါးကို ၂၀၂၅ ခုနှစ်မှ စတင်ကာ ယူနက်စကို၏ ဒပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကိုယ်စားပြုစာရင်းတွင် ပါဝင်ရန် တင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group