
■ မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို အလေးထားသည်နှင့်အညီ အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာကို ထိပါးစေမည့် အပြုအမူများကို မည်သည့်အချိန်တွင်မျှ လုပ်ဆောင်မည်မဟုတ်ဘဲ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာ့တပ်မတော်ထုတ်ပြန်
■KNU၊ KNLA နှင့် PDF အဖွဲ့များက မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ထိခိုက်စေရန် ရည်ရွယ် လုပ်ဆောင်နေဟုဆို
မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို အလေးထားသည်နှင့်အညီ အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာကို ထိပါးစေမည့် အပြုအမူများကို မည်သည့်အချိန်တွင်မျှ လုပ်ဆောင်မည်မဟုတ်ဘဲ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က နိုဝင်ဘာ ၃ ရက်တွင်ထုတ်ပြန်သည်။
မြန်မာ့တပ်မတော်အနေဖြင့် ထိုင်းနိုင်ငံနှင့် ကာလရှည်ကြာသော မိတ်ဆွေဖက် ချစ်ကြည်ရင်းနှီးမှုရှိပြီး တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်လျက် ရှိသည်နှင့်အညီ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို အစဉ်တစိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို မလိုလားသော KNU၊ KNLA အပါအဝင် CRPH၊ NUG နှင့် PDF အဖွဲ့များအနေဖြင့် နယ်စပ်ဒေသများတွင် နှစ်နိုင်ငံပြည်သူများ ထိခိုက်စေရန် တိုက်ခိုက်ခြင်း၊ တရားမဝင်လုပ်ငန်းများ လုပ်ကိုင်ခြင်းတို့အပြင် ပြည်သူများ အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်စေရန် နည်းလမ်းမျိုးစုံဖြင့် အွန်လိုင်းမီဒီယာများတွင် ကောလာဟလ သတင်းများပျံ့နှံ့အောင် လုပ်ဆောင်နေကြောင်း တွေ့ရှိရသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ထို့ပြင် ပြည်ဖျက်မီဒီယာများအနေဖြင့် နှစ်နိုင်ငံချစ်ကြည်ရေး ကောင်းမွန်မှုကို မလိုလားသည့်အတွက် နယ်စပ်ရှိဒေသခံများအား စိုးရိမ်ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်စေရန်ရည်ရွယ်၍ ထိုင်းနိုင်ငံဘက်ရှိ ကုန်လှောင်ရုံများကို ဖျက်ဆီးမည်ဆိုသည့် သတင်းအပါအဝင် အခြေအမြစ်မရှိသည့် ကောလာဟလ သတင်းများကို ဖြန့်ဝေနေကြောင်း တွေ့ရှိရပြီး အဆိုပါအွန်လိုင်းမီဒီယာ သတင်းများသည် မှန်ကန်မှုမရှိသည့် သတင်းမှားများသာဖြစ်ကြောင်း တွေ့ရှိရကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။
မြန်မာ-ထိုင်းနှစ်နိုင်ငံအနေဖြင့် နိုင်ငံတော်အစိုးရ အချင်းချင်းဆက်ဆံရေး၊ တပ်မတော်အချင်းချင်း ဆက်ဆံရေး၊ ပြည်သူအချင်းချင်းနှင့် အဖွဲ့အစည်းများအကြား ဆက်ဆံရေးတို့တွင် ကဏ္ဍပေါင်းစုံ၌ ခိုင်မာအားကောင်းလျက်ရှိပြီး မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး (Natural Strategic Partnership) အဆင့်ရှိသည့် နိုင်ငံများလည်းဖြစ်ကြောင်းနှင့် မြန်မာ့တပ်မတော်အနေဖြင့်လည်း နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပြီး နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် အကြားတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း၊ ထို့ပြင်နှစ်နိုင်ငံပြည်သူများ အနေဖြင့်လည်း ကာလရှည်ကြာသည့် မိတ်ဖက်ချစ်ကြည် ရင်းနှီးမှုများရှိပြီး ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။
KNU၊ KNLA အပါအဝင် CRPH၊ NUG နှင့် PDF အမည်ခံ အဖွဲ့များအနေဖြင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုပျက်ပြားစေရန် ရည်ရွယ်၍ နှစ်နိုင်ငံနယ်စပ်တွင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်တွင် ၁၂ ဒသမ ၇ မမ စက်သေနတ်ကြီးဖြင့် ပစ်ခတ်ခံရမှုကြောင့် ထိုင်းပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရပြီး မြန်မာ့တပ်မတော်၌ အဆိုပါ လက်နက်အသုံးပြုမှုမရှိသည်ကို ထိုင်းတပ်မတော် တာဝန်ရှိသူများထံ အသိပေးပြီးဖြစ်ကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူများက နှစ်နိုင်ငံချစ်ကြည်ရေးကို ပျက်ပြားစေရန် ထိုင်းနိုင်ငံနယ်နိမိတ်အတွင်းသို့ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့မှုအတွက် မြန်မာ့တပ်မတော်မှ များစွာစာနာနားလည်ပါကြောင်း ဖော်ပြအပ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။
မြန်မာ့တပ်မတော်အနေဖြင့် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုအား အလေးထားသည်နှင့်အညီ အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာကို ထိပါးစေမည့် အပြုအမူများကို မည်သည့်အချိန်တွင်မှ လုပ်ဆောင်မည်မဟုတ်ဘဲ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိပြီး နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် နှစ်နိုင်ငံပြည်သူများ လုံခြုံအေးချမ်း၍ ဒေသတည်ငြိမ်ရေးကိုသာ အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကထုတ်ပြန်သည်။