Eleven Media Group

■ ကုန်ပစ္စည်းအတုထုတ်လုပ်သော ဂိုဒေါင်တစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ မြန်မာနိုင်ငံသားရှစ်ဦး ဖမ်းခံရပြီး ပိုင်ရှင်ဖြစ်သူထွက်ပြေး

ကုန်ပစ္စည်းအတုထုတ်လုပ်သော ဂိုဒေါင်တစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ မြန်မာနိုင်ငံသားရှစ်ဦး ဖမ်းခံရပြီး ပိုင်ရှင်ဖြစ်သူထွက်ပြေးသွားကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဘန်ကောက်ဒေသ၊ Bang Bon ခရိုင်တွင်ရှိသော တရုတ်နိုင်ငံသားပိုင် ဂိုဒေါင်တစ်ခုကို ထိုင်းရဲတပ်ဖွဲ့နှင့် မူပိုင်ခွင့်ဦးစီးဌာနတို့က နိုဝင်ဘာ ၃ ရက်တွင် ဝင်ရောက်စီးနင်းခဲ့ရာ အွန်လိုင်းမှ ရောင်းချရန် ပြင်ဆင်နေသည့် နာမည်ကြီးအမှတ်တံဆိပ် ခေါင်းလျှော်ရည်၊ သွားတိုက်ဆေး၊ ရေချိုးဆပ်ပြာ စသည့် ကုန်ပစ္စည်းအတုပေါင်း ၁၅,၀၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းမီဒီယာများတွင် ဖော်ပြချက်အရ သိရသည်။

အဆိုပါစီးနင်းမှုအတွင်း ကုန်ပစ္စည်းများကို ထုပ်ပိုးနေသည့် တရုတ်နိုင်ငံသားတစ်ဦးနှင့် မြန်မာလုပ်သား ရှစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာလုပ်သားများထဲတွင် အမျိုးသား လေးဦးနှင့် အမျိုးသမီး လေးဦး ပါဝင်ကြောင်း သိရသည်။

အသုံးပြုပြီးသား ဘူးခွံများထဲသို့ ထုတ်ကုန်များ ပြန်လည်ဖြည့်သွင်းပြီး အသစ်ပြန်လည်ထုပ်ပိုး‌ခြင်း၊ အသင့်ပို့ဆောင်မည့် ပါဆယ်ဘူးများနှင့် Return ပြန်လာသည့် ကုန်စည်များကိုလည်း သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းရမိထားကြောင်း သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ဂိုဒေါင်ပိုင်ရှင်ဖြစ်သည့် တရုတ်နိုင်ငံသားမှာ နိုင်ငံခြားသို့ ထွက်ပြေးတိမ်းရှောင်သွားသည်ဟု ယူဆရ‌ကြောင်း၊ ဖမ်းဆီးရမိသူများကို ကုန်အမှတ်တံဆိပ်ဥပဒေနှင့် အရေးယူသွားမည်ဖြစ်‌ကြောင်း ပြစ်မှုထင်ရှားပါက ထောင်ဒဏ် လေးနှစ် (သို့မဟုတ်) ဘတ် လေးသိန်းအထိ ဒဏ်ငွေချမှတ်ခံရနိုင်ကြောင်း၊ ထွက်ပြေးသွားသည့် တရုတ်နိုင်ငံသားပိုင်ရှင်ကိုလည်း ဖမ်းဝရမ်းထုတ်ထားကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မူရင်းသတင်း — Eleven Media Group