Eleven Media Group

■ ကုလသမဂ္ဂမျက်နှာစာတွင် မြန်မာနိုင်ငံ ကိုယ်စားပြုမှုအခြေအနေသည် စိန်ခေါ်မှုများရှိသော်လည်း မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂအေဂျင်စီများအား မြန်မာ့မြေပေါ်တွင် ဆက်လက်လက်ခံထားရှိပြီး အပြုသဘော ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

■ ကုလသမဂ္ဂမျက်နှာစာတွင် မြန်မာနိုင်ငံ ကိုယ်စားပြုမှုအခြေအနေသည် စိန်ခေါ်မှုများရှိသော်လည်း မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂအေဂျင်စီများအား မြန်မာ့မြေပေါ်တွင် ဆက်လက်လက်ခံထားရှိပြီး အပြုသဘော ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

■ သက်ဆိုင်ရာနိုင်ငံ၏ သဘောတူညီချက်မပါဘဲ အစီရင်ခံစာမူကြမ်းကို အတည်ပြုပြဋ္ဌာန်းခြင်းသည် အချုပ်အခြာအာဏာတန်းတူညီမျှမှု မူဝါဒကိုလိုက်နာရန် ပျက်ကွက်ခြင်းဖြစ်ဟု ဆို


ကုလသမဂ္ဂမျက်နှာစာတွင် မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှုအခြေအနေသည် စိန်ခေါ်မှုများရှိသော်လည်း မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂအေဂျင်စီများအား မြန်မာ့မြေပေါ်တွင် ဆက်လက်လက်ခံထားရှိပြီး အပြုသဘော ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၆ ရက်တွင် ထုတ်ပြန်သည်။

(၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကာလအတွင်း တတိယကော်မတီအစည်းအဝေးသို့ တင်သွင်းမည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာအစီရင်ခံစာ (A/81/302) ထွက်ရှိခဲ့ပြီး ယင်းအစီရင်ခံစာသည် အထွေထွေညီလာခံအဆို ဆုံးဖြတ်ချက် (80/221) အရ ၁-၈-၂၀၂၅ မှ ၃၁-၇-၂၀၂၆ ကာလအတွက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ အစီရင်ခံစာအပေါ် မြန်မာနိုင်ငံ၏ လေ့လာတွေ့ရှိချက်များအား ဖော်ပြရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာနက အထက်ပါအတိုင်း ထည့်သွင်းထုတ်ပြန်ခြင်းဖြစ်သည်။

အစီရင်ခံစာ၏ ခေါင်းစဉ်ခွဲ (၂) အောက်ရှိ လူသားချင်းစာနာထောက်ထားမှုအပိုင်းနှင့် စာပိုဒ် (၇၄) နှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် လူသားချင်းစာနာမှုအကူအညီများကို ခွဲခြားမှုမရှိဘဲ အချိန်မီပေးအပ်နိုင်ရေး ကတိပြုထားပြီး ဝန်ထမ်းများ၏ လုံခြုံရေးကို အစဉ်ဦးစားပေး ဆောင်ရွက်လျက်ရှိသည်ဟု ဝန်ကြီးဌာန၏ ရည်ညွှန်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကုလသမဂ္ဂမျက်နှာစာ၌ မြန်မာကိုယ်စားပြုမှုအခြေအနေသည် စိန်ခေါ်မှုများရှိသော်လည်း မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂအေဂျင်စီများအား မြန်မာ့မြေပေါ်တွင် ဆက်လက်လက်ခံထားရှိပြီး အပြုသဘော ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံ၌ ကုလသမဂ္ဂအဖွဲ့အစည်း ၁၇ ခုမှ နိုင်ငံတကာဝန်ထမ်း ၂၇၆ ဦး၊ မြန်မာနိုင်ငံသားဝန်ထမ်း ၇,၆၂၆ ဦးတို့ဖြင့် နိုင်ငံတစ်ဝန်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကုလသမဂ္ဂအေဂျင်စီများမှ စီမံကိန်း ၄၃ ခုနှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများမှ စီမံကိန်း ၈၈ ခုကို ဖော်ဆောင်ပေးလျက်ရှိကြောင်း အထက်ပါစာပိုဒ်နှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနက ရည်ညွှန်းထုတ်ပြန်သည်။

၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဇူလိုင်လအထိ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ အဆင့်မြင့်အရာရှိကြီးများ၏ ခရီးစဉ် ၄၆ ခု၊ သံတမန်များ၏ ခရီးစဉ် ၂,၃၀၀ ကျော် (၂၀၂၆ ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ၃၅၃ ခု) နှင့် ကုလသမဂ္ဂဝန်ထမ်းများအား ခရီးသွားလာခွင့် ၁၀၆ ကြိမ်အထိ အဆင်ပြေစွာ ခွင့်ပြုပေးခဲ့ပြီးဖြစ်သည့်အပြင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) သည် UNOCHA၊ UNHCR၊ UNICEF၊ WFP၊ UNFPA အစရှိသော ကုလသမဂ္ဂအေဂျင်စီများနှင့် ပူးပေါင်း၍ ကရင်၊ ရခိုင်၊ ရှမ်း၊ ချင်း၊ မကွေးနှင့် စစ်ကိုင်းတို့မှ မြို့နယ် ၂၀ ကျော်၌ အကူအညီများ ပံ့ပိုးပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းလည်း အထက်ပါစာပိုဒ်နှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနက ရည်ညွှန်းထုတ်ပြန်သည်။

အစီရင်ခံစာ၏ စာပိုဒ် ၁၈ ပါအချက်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် နယ်စပ်ဖြတ်ကျော် အုပ်စုဖွဲ့ရာဇဝတ်မှုပုံစံမျိုးစုံကို ထိရောက်စွာ တားဆီးနှိမ်နင်းနိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်မှုများ၊ လူကုန်ကူးမှုများ၊ နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးကွန်ရက်များကို အသုံးပြု၍ လိမ်လည်မှုများနှင့် အွန်လိုင်းလိမ်လည်မှုများကို ပစ်မှတ်ထား၍ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်ဟု ဝန်ကြီးဌာနက ရည်ညွှန်းထုတ်ပြန်သည်။
အဆိုပါ ကြိုးပမ်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းစေရန်အတွက် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်း (Anti-Online Scam Bill) ကိုလည်း ၃၁-၇-၂၀၂၆ ရက်တွင် လွှတ်တော်မှ အတည်ပြုခဲ့ပြီးဖြစ်ကြောင်း၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများသည် နိုင်ငံတစ်နိုင်ငံတည်းတွင်သာ ဖြစ်ပွားနေသည့် ပြဿနာမဟုတ်ဘဲ နိုင်ငံအားလုံးကို ထိခိုက်စေသည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း၊ ထိုသို့သော ပြဿနာကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စုပေါင်းကြိုးပမ်းဆောင်ရွက်ခြင်းနှင့် အပြန်အလှန်ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

စုံစမ်းစစ်ဆေးချက်များအရ အဆိုပါပြစ်မှုများတွင် ကျူးလွန်သူများ၏ ၉၉ ရာခိုင်နှုန်းမှာ နိုင်ငံခြားသားများဖြစ်ကြပြီး ၎င်းတို့သည် အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာကာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ ၄-၁၀-၂၀၂၆ ရက်အထိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်သူ နိုင်ငံပေါင်း ၅၉ နိုင်ငံမှ နိုင်ငံခြားသား စုစုပေါင်း ၇၃,၀၈၅ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ လုံခြုံရေးတပ်ဖွဲ့များသည် ရာဇဝတ်မှုကွန်ရက်များကို ဆက်လက်ဖော်ထုတ်၍ ထိရောက်စွာနှိမ်နင်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစီရင်ခံစာ၏ စာပိုဒ် ၃၁ ပါ အချက်များနှင့်ပတ်သက်၍ မြန်မာအစိုးရအနေဖြင့် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) စတင်အသုံးပြုဆောင်ရွက်မည့် အစီအစဉ်ကို နိုင်ငံတကာစံနှုန်းများနှင့်အညီ တရားမဝင် မိုဘိုင်းစက်ပစ္စည်းတင်သွင်းမှုများ၊ ခိုးယူမှုများနှင့် ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုသည့် တရားမဝင်ရာဇဝတ်မှုများကို ကာကွယ်ရန်၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လုံခြုံရေးကို အဓိကထား ဆောင်ရွက်ခြင်းသာဖြစ်ပြီး တစ်ဦးတစ်ယောက်ချင်း၏ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို ချိုးဖောက်ရန် ရည်ရွယ်ခြင်း လုံးဝမရှိကြောင်း ရှင်းလင်းဖော်ပြအပ်သည်ဟု ဝန်ကြီးဌာနက ရည်ညွှန်းထုတ်ပြန်သည်။

အစီရင်ခံစာ၏ စာပိုဒ် ၄၈ ပါ အချက်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသူများကို နိုင်ငံသားအဆင့်အတန်း ပေးအပ်လျက်ရှိသော်လည်း နိုင်ငံတော်၏ ဥပဒေနှင့် သမိုင်းမှတ်တမ်းအထောက်အထားများတွင် မည်သည့်အခါကမျှ မရှိခဲ့သော “ရိုဟင်ဂျာ” ဆိုသည့် လုပ်ကြံဖန်တီးထားသော အသုံးအနှုန်းကို အသိအမှတ်မပြုကြောင်း အလေးအနက် ထပ်လောင်းပြောကြားလိုသည်ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး မှတ်တမ်းများအရ ၂၀၁၇ ခုနှစ်တွင် ARSA ၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်မတိုင်ခင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နေထိုင်သူ ၇၄၀,၀၀၀ ဦးကျော်ရှိကြောင်း၊ ယင်းဖြစ်စဉ်ပြီးနောက် ၅၄၀,၀၀၀ ဦးသည် ဘင်္ဂလားဒေ့ရှ်ဘက်သို့ နေရပ်စွန့်ခွာခဲ့ပြီး လူဦးရေ ၂၀၀,၀၀၀ ကျော် ဆက်လက်ကျန်ရှိနေကြောင်း ဝန်ကြီးဌာနက ရည်ညွှန်းထုတ်ပြန်သည်။

အစိုးရအနေဖြင့် ရခိုင်ပြည်နယ်မှ ထွက်ခွာခဲ့သူများအနက်မှ စိစစ်အတည်ပြုပြီးသူများ ပြန်လည်ဝင်ရောက်နိုင်ရေးကို ဆောင်ရွက်ရန် ကတိကဝတ်ပြုထားပြီး နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသော သဘောတူညီချက်များကို တိတိကျကျလိုက်နာလျက် သက်ဆိုင်ရာစိစစ်အတည်ပြုရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ၃၀-၉-၂၀၂၆ ရက်အထိ ဘင်္ဂလားဒေ့ရှ်မှ အသုတ် ၆ သုတ်ခွဲ၍ ပေးပို့ထားသည့် လူဦးရေ ၈၂၈,၈၂၄ ဦးစာရင်းအနက် ၄၄၉,၁၉၃ ဦးကို စိစစ်ပြီးဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် ယခင်ကနေထိုင်ခဲ့သူ ၃၂၆,၃၇၆ ဦး၊ အကြမ်းဖက်လုပ်ရပ်တွင် ပါဝင်သူ ၄,၂၅၄ ဦး၊ စိစစ်အတည်မပြုနိုင်သူ ၁၁၈,၅၆၃ ဦးရှိကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တည်ငြိမ်လုံခြုံမှုပြန်လည်ရရှိသည်နှင့် နှစ်နိုင်ငံအကြား သဘောတူညီချက်များနှင့်အညီ စိစစ်အတည်ပြုထားသည့် နေရပ်စွန့်ခွာသူများကို လက်ခံရန် ထပ်လောင်းဖော်ပြအပ်ကြောင်း၊ ၂၀၂၅ ခုနှစ်မှ ယခုအချိန်အထိ နိုင်ငံတစ်ဝန်းလုံးရှိ ဘင်္ဂါလီ ၁၃,၀၀၀ ဦးကို ၁၉၈၂ နိုင်ငံသားစိစစ်ရေး ဥပဒေအောက်မှ နိုင်ငံသားပေးအပ်ခဲ့ပြီးဖြစ်ကာ ယင်းတွင် ရခိုင်ပြည်နယ်မှ ဘင်္ဂါလီ ၆,၂၀၀ ဦး အပါအဝင်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သက်ဆိုင်ရာနိုင်ငံ၏ သဘောတူညီချက်မပါဘဲ အစီရင်ခံစာမူကြမ်းကို အတည်ပြုပြဋ္ဌာန်းခြင်းသည် အချုပ်အခြာအာဏာတန်းတူညီမျှမှု မူဝါဒကိုလိုက်နာရန် ပျက်ကွက်ကြောင်းဖြစ်သည်ကို ပြသနေခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် ဘက်လိုက်မှုမရှိရေးနှင့် တရားမျှတမှုတို့ကို ထိခိုက်စေသည့်အပြင် လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် လိုတစ်မျိုး၊ မလိုတစ်မျိုးဖြင့် စံနှုန်းနှစ်မျိုး (double standard) ကျင့်သုံးခြင်းကို ဖော်ပြရာရောက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မူရင်းသတင်း — Eleven Media Group