
#World_News
Published 02 November 2026
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီက ကွန်ဂရက်လွှတ်တော်ကို ထိန်းချုပ်ခွင့် ဆုံးရှုံးသွားနိုင်တဲ့ အခြေအနေအတွက် ကြိုတင်ပြင်ဆင်နေပါတယ်။
■ ထရမ့်ကတော့ အဲဒီလိုဖြစ်လာခဲ့ရင် သူ့ကိုယ်သူ “Mr. Veto” လို့တောင် ခေါ်ရတော့မယ်လို့ ပြောဆိုလိုက်ပါတယ်။
■ New York Post သတင်းဌာနရဲ့ Pod Force One Podcast အစီအစဉ်အတွက် အင်တာဗျူးမှာ ထရမ့်က အခုလို ပြောခဲ့တာပါ။
■ “ကျွန်တော်ကတော့ Mr. Veto ဖြစ်လာတော့မယ်ထင်တယ်။ အဲဒီနောက် တစ်ချိန်ချိန်မှာတော့ သဘောတူညီချက်တွေ ရယူနိုင်ပါလိမ့်မယ်” လို့ ထရမ့်က ဆိုပါတယ်။
■ ဒီမိုကရက်တွေ အသာစီးရပြီး လွှတ်တော်နှစ်ရပ်လုံးကို ထိန်းချုပ်သွားခဲ့ရင် သူဟာ ပထမတစ်လ၊ နှစ်လလောက်အတွင်း ဒီမိုကရက်တွေ အတည်ပြုတဲ့ ဥပဒေကြမ်းတွေကို ဗီတိုအာဏာသုံးပြီး ပယ်ချသွားနိုင်တယ်လို့လည်း ပြောထားပါတယ်။ နောက်ပိုင်းမှာတော့ နှစ်ဖက်ညှိနှိုင်းပြီး သဘောတူညီမှုရယူဖို့ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
■ အိမ်ဖြူတော် တာဝန်ရှိသူနှစ်ယောက်ရဲ့ ပြောကြားချက်အရ ထရမ့်အစိုးရဟာ ဒီမိုကရက်တွေ လွှတ်တော်ကို ထိန်းချုပ်လာနိုင်တဲ့ အခြေအနေအတွက်လပေါင်းများစွာကြိုတင်ပြင်ဆင်ထားပါတယ်။
■ အိမ်ဖြူတော်ရှေ့နေချုပ် ဝီလ် ရှာ့ဖ်နဲ့ သူ့အဖွဲ့ဟာလည်း ကွန်ဂရက်ရဲ့ ခွင့်ပြုချက်မလိုဘဲ သမ္မတအနေနဲ့ ဘယ်လိုလုပ်ပိုင်ခွင့်တွေကို အသုံးပြုနိုင်သလဲ၊ အာဏာကို ဘယ်အတိုင်းအတာအထိ အသုံးချနိုင်သလဲ၊ အဲဒီဆုံးဖြတ်ချက်တွေကို တရားရုံးမှာ ဘယ်လိုကာကွယ်မလဲဆိုတာတွေကို လေ့လာပြင်ဆင်နေတယ်လို့ သိရပါတယ်။
■ ထရမ့်ဟာ အရင်ကတည်းက သမ္မတရဲ့ အုပ်ချုပ်ရေးအာဏာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချခဲ့သူဖြစ်ပါတယ်။
■ ကုန်သွယ်ခွန်တွေ တိုးမြှင့်ကောက်ခံတာ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်စပ်ထိန်းချုပ်ရေးတွေ တင်းကျပ်တာ၊ ဖက်ဒရယ်အစိုးရဝန်ထမ်းအင်အား လျှော့ချတာတွေအပြင် ကွန်ဂရက်ရဲ့ ခွင့်ပြုချက်အသစ်မရဘဲ အီရန်နဲ့စစ်ပွဲအပါအဝင် နိုင်ငံခြားရေးမူဝါဒတွေကို အကောင်အထည်ဖော်ခဲ့တာတွေလည်း ရှိပါတယ်။
■ ဒါပေမဲ့ ဒီမိုကရက်တွေ လွှတ်တော်ကို ထိန်းချုပ်နိုင်ခဲ့ရင် ထရမ့်အတွက် အကြီးမားဆုံး စိန်ခေါ်မှုကတော့ လွှတ်တော်ရဲ့ စုံစမ်းစစ်ဆေးမှုတွေ ဖြစ်လာနိုင်ပါတယ်။
■ အောက်လွှတ်တော် ဒီမိုကရက်အမတ်ကြီးတွေနဲ့ ကော်မတီတာဝန်ရှိသူတွေဟာ ထရမ့်အနေနဲ့ သမ္မတရာထူးနဲ့ လုပ်ပိုင်ခွင့်တွေကို အသုံးချပြီး သူ့ကိုယ်သူ၊ သူ့ရဲ့ မဟာမိတ်တွေနဲ့ အလှူရှင်တွေ အကျိုးအမြတ်ရအောင် လုပ်ဆောင်ခဲ့ခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေးဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
■ အဲဒီအတွက် ထရမ့်ဟာ ဥပဒေကြမ်းတွေကို ဗီတိုအာဏာနဲ့ ပယ်ချနိုင်ပေမဲ့ လွှတ်တော်ရဲ့ စုံစမ်းစစ်ဆေးမှုတွေကိုတော့ ရှောင်လွှဲဖို့ ခက်ခဲလာနိုင်တဲ့ အခြေအနေရှိနေပါတယ်။
Source-Wion