
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ခြင်ဆီကင်ဆာရောဂါ လူနာငါးဦးအား ခြင်ဆီအစားထိုးကုသခြင်း အောင်မြင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ပံ့ပိုးမှုများဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး သွေးရောဂါအထူးကုဌာန၊ ခြင်ဆီအစားထိုးဌာန (Bone marrow Transplant Center) သို့ ၂၀၂၆ ခုနှစ် စက်တင်ဘာလအတွင်းက ဆေးရုံတက်ရောက်ခဲ့သော ခြင်ဆီကင်ဆာ လူနာငါးဦးအား ခြင်ဆီအစားထိုးကုသခြင်းကို အောင်မြင်စွာဆောင်ရွက်ခဲ့ရာ လူနာများအားလုံးမှာ ကျန်းမာရေးကောင်းမွန်သဖြင့် အောက်တိုဘာ ၂၆ ရက်တွင် ဆေးရုံဆင်းခွင့်ရရှိပြီးဖြစ်သည်။
အဆိုပါ ခြင်ဆီအစားထိုးကုသခြင်းကို ဆေးရုံအုပ်ချုပ်မှုအဖွဲ့၊ သွေးရောဂါအထူးကုဌာနမှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ၊ ဆက်စပ်ဌာနများမှ ဘာသာရပ်ဆိုင်ရာကျွမ်းကျင် ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ၊ ကျွမ်းကျင်သူနာပြုများ၊ အထောက်အကူပြုဝန်ထမ်းများ အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
လူနာငါးဦးမှာ ဒဂုံမြို့သစ် ( မြောက်ပိုင်း) မြို့နယ်မှ ၅၇ နှစ်အရွယ် အမျိုးသား တစ်ဦး၊ လှိုင်မြို့နယ်မှ ၆၆ နှစ်အရွယ် အမျိုးသား တစ်ဦး၊ ဟိုပန်မြို့နယ်မှ ၅၄ နှစ်အရွယ် အမျိုးသမီး တစ်ဦး၊ သာကေတမြို့နယ်မှ ၆၂ နှစ်အရွယ် အမျိုးသမီး တစ်ဦးနှင့် တောင်ကြီးမြို့နယ်မှ ၅၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ခြင်ဆီအစားထိုးကုသခြင်းကို ၂၀၁၆ ခုနှစ်တွင် သုံးဦး၊ ၂၀၁၇ ခုနှစ်တွင် သုံးဦး၊ ၂၀၁၈ ခုနှစ်တွင် လေးဦး၊ ၂၀၁၉ ခုနှစ်တွင် တစ်ဦး၊ ၂၀၂၀ ပြည့်နှစ်တွင် တစ်ဦး၊ ၂၀၂၄ ခုနှစ်တွင် သုံးဦး၊ ၂၀၂၅ ခုနှစ် တွင် ၁၀ ဦးနှင့် ၂၀၂၆ ခုနှစ် ယခုအချိန်ထိ ၁၃ ဦး စုစုပေါင်း ၃၈ ဦးကို ဆောင်ရွက်ခဲ့ပြီး ပြည်သူများ ကျန်းမာရေးကုန်ကျစရိတ် သက်သာစေရေးအတွက် ပြည်တွင်းမှာပင် ခြင်ဆီအစားထိုးကုသမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။