Eleven Media Group

ဖုန်းကြားဖြတ်နားထောင်မှု စွပ်စွဲချက်ဖြင့် အင်ဒိုနီးရှားသမ္မတ၏ ဦးစီးအရာရှိချုပ် ရာထူးမှထုတ်ပယ်ခံရ

သမ္မတနှင့် အစိုးရအဖွဲ့ဝင်များ၏ ဖုန်းဆက်သွယ်မှုများကို ကြားဖြတ်ခိုးနားထောင်ခဲ့သည်ဆိုသည့် သံသယဖြင့် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို၏ ဦးစီးအရာရှိချုပ်ကို နိုဝင်ဘာ ၄ ရက်တွင် ရာထူးမှ ထုတ်ပယ်လိုက်သည်။

ဦးစီးအရာရှိချုပ် လစ္စတီယို ဆီဂစ် ပရာဘိုဝို အပါအဝင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် ရဲအရာရှိကြီးသုံးဦးသည် နိုဝင်ဘာ ၃ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၎င်းတို့သည် ၂၀၂၅ ခုနှစ်မှ ယခုနှစ်အတွင်း သမ္မတ၊ သတင်းထောက်များ၊ နိုင်ငံရေးသမားများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူထုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၏ဖုန်းများကို တရားမဝင် ကြားဖြတ်နားထောင်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

လစ္စတီယိုသည် အင်ဒိုနီးရှားနိုင်ငံ၏ ရဲတပ်ဖွဲ့အကြီးအကဲအဖြစ် ငါးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ပြီးခဲ့သည့်လကမှ သမ္မတ၏ ဦးစီးအရာရှိချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်သည်။ ၎င်းသည် သမ္မတဟောင်း ဂျိုကို ဝီဒိုဒို၏ သစ္စာခံဟုလည်း လူသိများသည်။

၎င်းကို ရာထူးမှ ထုတ်ပယ်လိုက်ခြင်းနှင့်ပတ်သက်၍ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက စည်းကမ်းဖောက်ဖျက်သည့် လူပုဂ္ဂိုလ်အချို့က လုပ်ဆောင်ခဲ့သည့် လုပ်ရပ်ဖြစ်ပြီး နိုင်ငံတော်သစ္စာဖောက်မှုဟု သတ်မှတ်နိုင်သည့် အဆင့်အထိ ရောက်ရှိနိုင်ကာ နိုင်ငံတော်အကျိုးစီးပွားနှင့် နိုင်ငံ့ခေါင်းဆောင်များ၏ လုံခြုံရေးကိုပါ ထိခိုက်စေနိုင်ကြောင်း သတင်းထောက်များကို ပြောသည်။

ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ ကျူးလွန်သူများသည် စုံစမ်းစစ်ဆေးရေးအဖွဲ့များ၏ တရားဝင်ခွင့်ပြုချက် သို့မဟုတ် တောင်းဆိုချက်မရှိဘဲ ဖုန်းကြားဖြတ်နားထောင်မှုများကို လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ ထို့ပြင် ၎င်းတို့၏ စောင့်ကြည့်ထောက်လှမ်းမှုဆိုင်ရာ အီလက်ထရွန်နစ်မှတ်တမ်းများကို ဖျောက်ဖျက်ပစ်ရန်လည်း ပြီးခဲ့သည့်လက ညွှန်ကြားခဲ့သည်။

Ref: Reuters

မူရင်းသတင်း — Eleven Media Group