Eleven Media Group

ယခုနှစ် ပထမကိုးလအတွင်း တရုတ်နိုင်ငံ၏ သွင်းကုန်တိုးတက်မှုနှုန်းမှာ ၂၂ ဒသမ ၃ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း တရုတ် ဒုတိယဝန်ကြီးချုပ် Ding Xuexiang ပြောကြား

ယခုနှစ် ပထမကိုးလအတွင်း တရုတ်နိုင်ငံ၏ သွင်းကုန်တိုးတက်မှုနှုန်းမှာ ၂၂ ဒသမ ၃ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း တရုတ်နိုင်ငံ၏ ဒုတိယဝန်ကြီးချုပ် Ding Xuexiang က ပြောကြားခဲ့သည်။

နိုဝင်ဘာ ၅ ရက်က တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပခဲ့သည့် နဝမအကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) ဖွင့်ပွဲအခမ်းအနားတွင် Ding က မိန့်ခွန်းပြောကြားချိန်အတွင်း ထိုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါအခမ်းအနားသို့ ဂါဘွန်နိုင်ငံသမ္မတ Nguema၊ ဩစတြီးယားနိုင်ငံဝန်ကြီးချုပ် Stocker နှင့် ကုလသမဂ္ဂဖွံဖြိုးမှုအစီအစဉ် (UNDP) အုပ်ချုပ်ရေးမှူး Decroix တို့အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်မှ ဝန်ကြီးအဆင့်နှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော် ၅၀ ကျော် တက်ရောက်ခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံဆိုင်ရာ သံတမန်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တရုတ်နိုင်ငံ ပြည်နယ်အဆင့် အုပ်ချုပ်ရေးဒေသများနှင့် ဗဟိုအစိုးရဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ နိုင်ငံတကာကော်ပိုရေးရှင်းများ၊ သုတေသနအဖွဲအစည်းများနှင့် ကုန်သည်စက်မှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။

ယခုနှစ် CIIE ပြပွဲတွင် နိုင်ငံ၊ ဒေသနှင့် နိုင်ငံတကာအဖွဲအစည်း စုစုပေါင်း ၁၆၂ ခု ပါဝင်လျက်ရှိပြီး နိုင်ငံအလိုက်ပြပွဲ (Country Exhibition) တွင် နိုင်ငံပေါင်း ၆၅ နိုင်ငံနှင့် နိုင်ငံတကာအဖွဲအစည်း လေးခု ပါဝင်ပြသလျက်ရှိသည်။

စီးပွားရေးပြပွဲ (Business Exhibition) တွင်လည်း ကမ္ဘာတစ်ဝန်းမှ လုပ်ငန်းပေါင်း ၄၁၀၀ ကျော် ပါဝင်ပြသလျက်ရှိပြီး ပါဝင်သည့်လုပ်ငန်းအရေအတွက်၊ Fortune Global 500 စာရင်းဝင်ကုမ္ပဏီများနှင့် သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများတွင် ဦးဆောင်နေသည့် ကုမ္ပဏီများ၏ ပါဝင်မှုအပြင် ပြပွဲဧရိယာအကျယ်အဝန်းတိုတွင်ပါ ယခင်စံချိန်များကို ကျော်လွန်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် အဓိကမိန့်ခွန်းပြောကြားခဲ့သည့် ဒုတိယဝန်ကြီးချုပ် Ding Xuexiang က CIIE သည် တရုတ်နိုင်ငံ၏ ဈေးကွက်ကို ကမ္ဘာသို ပိုမိုဖွင့်လှစ်ပေးသည့် အရေးပါသော ပလက်ဖောင်းတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ၏ စီးပွားရေးဖွံဖြိုးတိုးတက်မှုမှ ရရှိလာသည့် အခွင့်အလမ်းများနှင့် အကျိုးရလဒ်များကို ကမ္ဘာ့နိုင်ငံများနှင့် မျှဝေရန် တရုတ်နိုင်ငံ၏ ခိုင်မာသောသန္နိဋ္ဌာန်ကို ဖော်ပြနေကြောင်း ပြောကြားခဲ့သည်။

ထိုပြင် ကမ္ဘာ့စီးပွားရေးဖွံဖြိုးတိုးတက်မှုကို ပိုမိုမျှတစေပြီး အားလုံးပါဝင်နိုင်သည့် ဈေးကွက်တစ်ရပ် ဖော်ဆောင်ရေး၊ နိုင်ငံတကာစက်မှုလုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက်များတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိင်းစေရေး၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုများမှတစ်ဆင့် ဖွံဖြိုးတိုးတက်မှုကို အားပေးရေးနှင့် ကုန်သွယ်ရေးအတားအဆီးများ ဖယ်ရှားရေးတိုအတွက် နိုင်ငံတကာအသိုက်အဝန်းအကြား ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး စသည့် အဓိကကဏ္ဍလေးရပ်ကို အလေးထားဆွေးနွေးခဲ့သည်။

တရုတ်နိုင်ငံသည် ဈေးကွက်ဖွင့်လှစ်ရေးမူဝါဒများကို ဆက်လက်အကောင်အထည်ဖော်လျက်ရှိပြီး ကုန်သွယ်ရေးလွတ်လပ်ခွင့်နှင့် စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းကို ခိုင်မာစွာထောက်ခံလျက်ရှိကြောင်း၊ နိုင်ငံ၏ ပျမ်းမျှကုန်သွယ်ခွန်နှုန်းထားမှာ ၇ ဒသမ ၃ ရာခိုင်နှုန်းအထိ လျှော့ချထားပြီး အာဖရိကရှိ တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးရှိသော ဖွံဖြိုးမှုအနည်းဆုံးနိုင်ငံများအားလုံးကို ကုန်သွယ်ခွန်ကင်းလွတ်ခွင့်ပေးထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခွင့်ဆိုင်ရာ ကန့်သတ်ချက်များကို ဖယ်ရှားပေးခဲ့သည့်အပြင် နယ်စပ်ဖြတ်ကျော် ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် အချက်အလက်စီးဆင်းမှုတို့တွင်လည်း ပိုမိုဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

တရုတ်နိုင်ငံ၏ သွင်းကုန်တိုးမြှင့်ရေးဆိုင်ရာ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍လည်း ယခုနှစ် ပထမကိုးလအတွင်း သွင်းကုန်တိုးတက်မှုနှုန်းမှာ ၂၂ ဒသမ ၃ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း Ding က ပြောကြားခဲ့သည်။

ယခုနှစ် CIIE ပြပွဲကာလအတွင်း တရုတ်နိုင်ငံသို ကုန်ပစ္စည်းတင်ပိုနိုင်သည့် အလားအလာနှင့် စွမ်းဆောင်ရည်များကို လေ့လာနိုင်ရန် ရည်ရွယ်သည့် Report on Capacity for Exporting to China အစီရင်ခံစာကို ပထမဆုံးအကြိမ် ထုတ်ပြန်သွားမည်ဖြစ်သည်။ ထို့ပြင် “World Openness Report 2026” ထုတ်ပြန်ပွဲအပါအဝင် အကြောင်းအရာအလိုက် ဆွေးနွေးပွဲဖိုရမ် ၂၃ ခုနှင့် ဆက်စပ်လှုပ်ရှားမှုပေါင်း ၈၀ ကျော်ကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်တွင် စတင်ကျင်းပခဲ့သည့် CIIE သည် ယခုနှစ်တွင် ကိုးကြိမ်မြောက်အဖြစ် ကျင်းပခြင်းဖြစ်ပြီး နိုင်ငံတကာကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးအတွက် အရေးပါသော ပလက်ဖောင်းတစ်ခုဖြစ်သည်။

ယခုနှစ်ပြပွဲသည်လည်း ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများနှင့် စီးပွားရေးလုပ်ငန်းများအတွက် တရုတ်ဈေးကွက်အတွင်းသို ဝင်ရောက်နိုင်မည့် အခွင့်အလမ်းများ ဖော်ဆောင်ပေးရန်နှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရန် ရည်ရွယ်ထား‌‌ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group