
၂၀၂၇ ခုနှစ် ဧပြီ ၄ ရက်တွင် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ် ( ၆၈ / ၂၀၂၆ )ဖြင့် ယနေ့( နိုဝင်ဘာလ ၅ ရက် )တွင် ထုတ်ပြန်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၁၀ ပါ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၃၄(ဂ) နှင့် နည်းဥပဒေ ၁၆(က) တို့အရ ၁၃၈၈ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ( ၂၀၂၇ ခုနှစ်၊ ဧပြီလ ၄ ရက်) တနင်္ဂနွေနေ့တွင် လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်နေသည့် မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
ထိုသို့ကြေညာချက်အရ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်များမှာ ပြည်သူ့လွှတ်တော်မဲအများဆုံးရသူအနိုင်ယူစနစ် ( FPTP ) မဲဆန္ဒနယ် ၃၄ နယ်၊ အမျိုးသားလွှတ်တော်မဲအများဆုံးရသူအနိုင်ယူစနစ် ( FPTP ) မဲဆန္ဒနယ်ငါးနယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် ( FPTP ) မဲဆန္ဒနယ် ၁၆ နယ်ဖြစ်ကြောင်း သိရသည်။