Eleven Media Group

■ G to G စနစ်ဖြင့် ကိုရီးယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်သည့် အလုပ်သမားများမှ မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းကို ပြန်လည်လွှဲပို့သူနည်းပါးနေသည့်အတွက် မပျက်မကွက် ပြန်လည်လွှဲပို့ရန်နှင့် ပျက်ကွက်ပါက အရေးယူမည်

G to G စနစ်ဖြင့် ကိုရီးယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသည့် အလုပ်သမားများမှ မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းကို ပြန်လည်လွှဲပို့သူနည်းပါးနေသည့်အတွက် မပျက်မကွက် ပြန်လည်လွှဲပို့ရန်နှင့် ပျက်ကွက်ပါက လိုအပ်သလို အရေးယူမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်သည်။

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ် ဩဂုတ် ၂၈ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၀၈/၂၀၂၄) ဖြင့် “ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများသည် ပြည်ပ နိုင်ငံတွင် မိမိရရှိမည့် လုပ်ခလစာ၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိမိ၏ မိသားစုဝင်များထံသို့ တရားဝင်ဘဏ်စနစ်ဖြင့်ဖြစ်စေ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထုတ်ပေးထားသည့် Remittance Business License (RBL) ရရှိသူများဖြင့်ဖြစ်စေ၊ ဘဏ်စနစ်ဖြင့် ချိတ်ဆက်ထား သော နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများဖြင့်ဖြစ်စေ တစ်လလျှင်တစ်ကြိမ် လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်း သို့မဟုတ် အများဆုံး ၃ လလျှင်တစ်ကြိမ် ၃ လစာစုစုပေါင်း၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိမိ၏မိသားစုဝင်များထံသို့ သို့မဟုတ် မိခင်နိုင်ငံရှိ မိမိ၏ ဘဏ်စာရင်းသို့ လွှဲပြောင်း ပေးပို့ရမည်”ဟု ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်း ပါရှိသည်။

အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းပြန်လည်လွှဲပို့နိုင်ရေးနှင့်စပ်လျဉ်း၍ G to G စနစ်ဖြင့်စေလွှတ်သည့် အလုပ်သမားအကြားချုပ်ဆိုသည့် ခံဝန်စာချုပ်၏ အပိုင်း(၄)၊ အပိုဒ် ၄-၉ တွင် “အလုပ်သမားသည် ပြည်ပနိုင်ငံတွင်မိမိရရှိမည့် လုပ်ခစာ၏ အနည်း ၂၅ ရာခိုင်နှုန်းကို မိသားစုဝင်များထံသို့ တရားဝင် ဘဏ်စနစ်ဖြင့်ဖြစ်စေ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် မှ ခွင့်ပြုထုတ်ပေးထားသည့် Remittance Business License (RBL) ရရှိသူများဖြင့်ဖြစ်စေ၊ ဘဏ်စနစ်ဖြင့် ချိတ်ဆက်ထားသော နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများဖြင့်ဖြစ်စေ တစ်လ လျှင်တစ်ကြိမ် လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်း သို့မဟုတ် အများဆုံး ၃ လလျှင် တစ်ကြိမ် ၃ လစာ စုစုပေါင်း၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိသားစုဝင်များထံသို့ လွှဲပြောင်းပေးပို့ရမည်ဖြစ်ကြောင်း၊ အလုပ်သမားဘက်မှ ဖောက်ဖျက်ကြောင်း စိစစ်တွေ့ရှိရပါက နောက်တစ်ကြိမ် ပြည်ပထွက်ခွာလုပ် ကိုင်ခွင့်ကို(၃)နှစ်တားမြစ်ပိတ်ပင်ခြင်းခံရမည်ဖြစ်ကြောင်း၊ မိသားစုလွှဲပို့ငွေအတွက် လွှဲပြောင်းပေးပို့ခဲ့သည့် အထောက်အထားစာရွက်များကို မိခင်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်း၊ ရွှေ့ပြောင်း/မရွှေ့ပြောင်း နိုင်သော ပစ္စည်းများဝယ်ယူအသုံးပြုရာတွင် အခွန်ကင်းလွတ်ခွင့်၊ အခွန်သက်သာခွင့်များ ရရှိနိုင်ရေး အတွက် သေချာစွာသိမ်းဆည်းထားရမည်” ဟု ဖော်ပြပါရှိသည်။

G to G စနစ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသည့် အလုပ်သမား များမှ မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းကို ညွှန်ကြားချက်နှင့်အညီ ပြန်လည်လွှဲပို့မှုများအား စိစစ်ရာ တွင် ပြန်လည်လွှဲပို့သူနည်းပါးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

သို့ဖြစ်၍ G to G စနစ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသည့် အလုပ်သမားများသည် မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းကို ညွှန်ကြားချက်နှင့်အညီ မပျက်မကွက် ပြန်လည်လွှဲပို့ရန်လိုအပ်ကြောင်းနှင့် ပျက်ကွက်ပါက လိုအပ်သလို အရေးယူဆောင်ရွက်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်သည်။

မူရင်းသတင်း — Eleven Media Group