ရောင်ဝါ
၆. ၁၁. ၂၀၂၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်လျက်ရှိသော မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲများကို ၂၀၂၇ ခုနှစ်၊ ဧပြီလ ၄ ရက် (တနင်္ဂနွေနေ့) တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတ်မှတ်ကြေညာလိုက်သည်။
ယခုကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများကို မဲအများဆုံးရသူ အနိုင်ယူစနစ် (First-Past-The-Post – FPTP) ဖြင့် ကျင်းပသွားမည်ဖြစ်ရာ ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ် ၃၄ နယ်၊ အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ် ၅ နယ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အတွက် မဲဆန္ဒနယ် ၁၆ နယ် ပါဝင်မည်ဖြစ်သည်။
ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၄ နယ်အတွက် ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်များမှာ တွန်းဇံ၊ ဖလမ်း၊ ထီးချိုင့်၊ ဗန်းမောက်၊ အင်းတော်၊ ကောလင်း၊ ပုလဲ၊ ယင်းမာပင်၊ တန့်ဆည်၊ မြိတ်၊ ညောင်လေးပင်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ ချောက်၊ မင်းဘူး၊ ပြင်ဦးလွင်၊ မိတ္ထီလာ၊ နွားထိုးကြီး၊ စဉ့်ကူး၊ မိုးကုတ်၊ ကျိုက်မရော၊ မရမ်းကုန်း၊ ရွှေပြည်သာ၊ လှည်းကူး၊ တာမွေ၊ ကိုကိုးကျွန်း၊ လှိုင်သာယာ (အနောက်ပိုင်း)၊ ကျောက်မဲ၊ မိုင်းဖြတ်၊ မိုင်းပန်၊ မအူပင်၊ ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိနှင့် ဥတ္တရသီရိ မြို့နယ်တို့ ဖြစ်ကြသည်။
အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၅ နယ်အတွက် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၅)၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၃)၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) နှင့် မဲဆန္ဒနယ်အမှတ် (၅)၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၆) တို့တွင် ကျင်းပသွားမည်ဖြစ်သည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၁၆ နယ်အတွက်မူ တွန်းဇံ၊ ဖလန်း၊ ထီးချိုင့်၊ ဗန်းမောက်၊ အင်းတော်၊ ကောလင်း၊ ပုလဲ၊ ယင်းမာပင်၊ တန့်ဆည်၊ ရွှေဘို၊ ဇီးကုန်း၊ သဲကုန်း၊ နွားထိုးကြီး၊ စဉ့်ကူး၊ မိုးကုတ်နှင့် ရေကြည် မြို့နယ်မဲဆန္ဒနယ်များတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။


