Myanmar Digital News

ရုရှားနိုင်ငံ၌ ကင်ဆာကုသရေး CaTeVac ကာကွယ်ဆေးကို ၂၀၂၇ ခုနှစ်တွင် စတင်အသုံးပြုရန် စီစဉ်

မော်စကို   နိုဝင်ဘာ   ၅

ရုရှားနိုင်ငံ၌ ပြည်တွင်းတွင် တီထွင်ထုတ်လုပ်ထားသည့် ကိုယ်ခံအားစနစ်ကို လှုံ့ဆော်ပေးသော ကင်ဆာကုသရေးကာကွယ်ဆေး CaTeVac ကို ပျော့ပျောင်းတစ်သျှူးဆာကိုမာ (Soft Tissue Sarcoma) ရောဂါဝေဒနာရှင်များအား ကုသရန်အတွက် ၂၀၂၇ ခုနှစ်တွင် စတင်အသုံးပြုရန် စီစဉ်ထားကြောင်း ဒုတိယဝန်ကြီးချုပ် တာတျာနာ ဂိုလီကိုဗာ၏  ရုံးက နိုဝင်ဘာ   ၅  ရက်တွင်   ထုတ်ပြန်ကြေညာသည်။

အဆိုပါ ကင်ဆာကုသရေးကာကွယ်ဆေး ကို အောင်မြင်စွာ အပြီးသတ်စမ်းသပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်  ဖော်ပြထားသည်။  လက်ရှိတွင် ကာကွယ်ဆေးထုတ်လုပ်ခွင့်နှင့် ဆေးကုသမှုအဖြစ် အသုံးပြုခွင့်ရရှိရေးအတွက် လိုအပ်သည့် စာရွက်စာတမ်းများကို ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

CaTeVac ကာကွယ်ဆေးသည် လူနာ၏ ကိုယ်ခံအားစနစ်ကို လေ့ကျင့်ပေးသည့် နည်းပညာကို အခြေခံထားပြီး ကင်ဆာဆဲလ်များကို ကိုယ်ခံအားစနစ်က   မှတ်မိသိရှိလာစေရန်နှင့်  ယင်းဆဲလ်များကို   ပြန်လည်တိုက်ခိုက်ဖျက်ဆီးနိုင်ရန် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်သည်။

ထို့ပြင် အနာဂတ်တွင် အဆိုပါကာကွယ်ဆေးကို အရေပြားကင်ဆာတစ်မျိုးဖြစ်သည့် မယ်လနိုးမား၊ ကျောက်ကပ်ကင်ဆာ၊ ဗဟိုအာရုံကြောစနစ်အတွင်း ဖြစ်ပွားသော မူလကင်ဆာအကျိတ်များနှင့် စံသတ်မှတ်ထားသည့် ကုသမှုနည်းလမ်းများဖြင့်  ကုသရန် ရွေးချယ်စရာမကျန်ရှိတော့သည့် အခြားသော အစိုင်အခဲ  အကျိတ်ကင်ဆာများအတွက်ပါ တိုးမြှင့်အသုံးပြုနိုင်ရန် မျှော်မှန်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆင်ဟွာ

မူရင်းသတင်း — Myanmar Digital News