သတိုး
၆. ၁၁. ၂၀၂၆
ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသူ ဆူရတ်ချ်ဂီရိ (ခ) ဝီရဆန်ထောင်းရဲ့ မွေးဖွားကြောင်းထောက်ခံလက်မှတ် (ထော်ရော်.20/1) ကို ကန်ချနဘူရီခရိုင်အာဏာပိုင်များက ပယ်ဖျက်လိုက်တဲ့အပြင် မွေးစာရင်းအထောက်အထား မမှန်မကန်ပြုလုပ်မှုနဲ့ပါ အမှုဖွင့်လိုက်တယ်လို့ Kanchanaburi News က ဖော်ပြလာပါတယ်။
အဆိုပါမွေးဖွားကြောင်းထောက်ခံလက်မှတ်နဲ့ပတ်သက်လို့ မွေးဖွားရာနေရာဆိုင်ရာ အချက်အလက်တွေနဲ့ သက်သေထွက်ဆိုချက်တွေအပေါ် သံသယဖြစ်ဖွယ်အချက်တွေ တွေ့ရှိခဲ့လို့ စစ်ဆေး ပယ်ဖျက်ခဲ့တာလို့ ကန်ချနဘူရီခရိုင်အာဏာပိုင်တွေက ရှင်းလင်းထားပါတယ်။
ဒါအပြင် ထိုင်းအာဏာပိုင်တွေက တာဝန်ရှိသူတွေထံ မမှန်မကန်အထောက်အထားတွေ လိမ်လည်တင်ပြခဲ့တယ် စွပ်စွဲချက်နဲ့ ဆိုင်ယို့ခ်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကန်ချနဘူရီမြို့နယ်အုပ်ချုပ်ရေးရုံးကလည်း တရားဝင်မှတ်ပုံတင်အခြေအနေ မရှိသူများအတွက် ဖွင့်လှစ်ထားတဲ့ လူပုဂ္ဂိုလ်မှတ်တမ်းစာရင်း ကိုပါ စစ်ဆေးနေပြီး အဲဒီမှတ်တမ်းကိုပါ ပယ်ဖျက်ဖို့ သင့်မသင့် ဆက်လက်စိစစ်နေတယ်လို့ သိရပါတယ်။

ထော်ရော် 20/1 ဟာ ထိုင်းနိုင်ငံမှာ မွေးဖွားမှုမှတ်တမ်းနဲ့ သက်ဆိုင်တဲ့ အထောက်အထားတစ်မျိုးဖြစ်ပြီး ထိုင်းနိုင်ငံသားဖြစ်ကြောင်း အတည်ပြုတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် မတူညီဘူးလို့လည်း ဒေသတွင်းသတင်းတွေရဲ့ ဖော်ပြမှုအရ သိရပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာ ၁ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်က ယူအန်ရုံးရှေ့ ဆူရတ်ချ်ဂီရိဦးဆောင်ပြီး လူလေးဦးတည်းနဲ့ ဆန္ဒပြခဲ့ချိန်မှာ ဆူရတ်ချ် ဦးဆောင်တဲ့ Bright Future အဖွဲ့ကို ထိုင်းမျိုးချစ်အဖွဲ့ဖြစ်တဲ့ နှုတ်ခမ်းမွှေးအဖွဲ့က ဝင်ရိုက်အပြီးမှာ ဆူရတ်ချ်ရဲ့ မွေးစာရင်းကိုပါ ပယ်ဖျက်ပြီး အမှုဖွင်ခဲ့တာလည်းဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ လုပ်ပေးနေတဲ့ CI စခန်းတွေ ဖျက်သိမ်းရေး၊ ပန်းရောင်ကတ်တစ်မျိုးတည်းနေထိုင်လုပ်ကိုင်ခွင့်ရရေး ခေါင်းစဥ်နဲ့ ဘန်ကောက်မြို့က ကုလသမဂ္ဂ (UN) ရုံးရှေ့မှာ ထိုင်းရောက်မြန်မာလုပ်သားတွေ ဖွဲ့ထားတဲ့ Bright Future က လူလေးဦးတည်းနဲ့ ဆန္ဒပြတောင်းဆိုချိန် ထိုင်းမျိုးချစ်အဖွဲ့ဖြစ်တဲ့ ပြည်သူ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကော်မတီ (PDRC) က နှုတ်ခမ်းမွှေး(နာမည်ပြောင်)ရဲ့ အဖွဲ့က လူ ၁၀ ဦးလောက်က ဆန္ဒပြပွဲဦးဆောင်တဲ့ ထိုင်းနိုင်ငံသားခံယူထားသူ ဂေါ်ရခါးလူမျိုး ဆူရတ်ချ်ဂီရီကို ဦးတည် ထိုးကြိတ်ခဲ့ကြတာပါ။
လူမှုကွန်ရက်ရုပ်သံမှာတော့ ထိုင်းမျိုးချစ်တွေက ရဲတပ်ဖွဲ့က တားနေတဲ့ကြားက ဆူရတ်ချ်ဂီရိတစ်ယောက်တည်းကို ဦးတည်ပြီး ကန်ကျောက်နေတာ တွေ့ရသလို ဆန္ဒပြပွဲ ဆန္ဒပြပွဲကလည်း အချိန်တိုအတွင်း ပျက်သွားတာ တွေ့ရပါတယ်။
Ref: Kanchanaburi News