Myanmar Digital News

ကျူးဘားနိုင်ငံသား ၂ ဒသမ ၆ သန်းကျော်မှာ ရေပြတ်လပ်မှုနှင့် ကြုံတွေ့နေရ

ဟာဗားနား  နိုဝင်ဘာ  ၅

ပိုက်လိုင်းရေပေးဝေမှု ပြတ်တောက် ခြင်းကြောင့် ကျူးဘားနိုင်ငံသား ၂ ဒသမ ၆ သန်းကျော်  ရေအခက်အခဲနှင့်  ကြုံတွေ့နေရကြောင်း အမျိုးသား   ရေအရင်းအမြစ်ဌာန တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၄ ရက်တွင် ပြောကြားသည်။

နိုဝင်ဘာ ၃ ရက်အထိ ကျူးဘားနိုင်ငံသား ၂၆၈၁၇၇၀ မှာ ပိုက်လိုင်းရေပေးဝေရေး ကွန်ရက်ပြတ်တောက်မှုနှင့်   ကြုံတွေ့ခဲ့ရကြောင်း   အမျိုးသားရေအရင်းအမြစ်ဌာနဥက္ကဋ္ဌ   အန်တိုနီယို ရိုဒရီဂွက်ဇ်က ပြောကြားသည်။

ဟာဗားနားမြို့တစ်မြို့တည်းတွင် လူပေါင်း ၅၃၆၀၀၀  မှာ ရေပေးဝေမှုပြတ်တောက်ခြင်းဒဏ်ကို ခံစားခဲ့ရပြီး ယင်းပမာဏမှာ နိုင်ငံအတွင်းရှိ ပြည်နယ်များအနက်   အများဆုံးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ရေပေးဝေမှု ပြတ်တောက်ရခြင်း၏ ၆၆ ရာခိုင်နှုန်းမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် ဆက်စပ်နေပြီး ၂၅ ရာခိုင်နှုန်းမှာ ရေစုပ်စက်များ  ချွတ်ယွင်းမှုကြောင့်ဖြစ်ကြောင်း သိရသည်။

ဟာဗားနားမြို့၏ ရေပေးဝေမှုအခက်အခဲကို ဖြေရှင်းရန်အတွက် မြို့တော်၏ ရေအရင်းအမြစ် သုံးခုကို  အထောက်အပံ့ ပေးနိုင်ရန် စွမ်းအင်သိုလှောင်ရေးစနစ်များ ပါဝင်သည့်  စုစုပေါင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်စွမ်း ၂၀၀ မဂ္ဂါဝပ်ရှိသော နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစက်ရုံ ၁၀ ရုံ တည်ဆောက်ရန်   စီစဉ်လျက်ရှိကြောင်း   ၎င်းက   ဆက်လက်ပြောကြားသည်။         

ဆင်ဟွာ

မူရင်းသတင်း — Myanmar Digital News