Myanmar Digital News

ကျောင်းသားများ အေအိုင်အသုံးပြုမှုအတွက် ထိန်းချုပ်နိုင်မည့်စနစ်သစ်ကို ဂူဂဲလ်မိတ်ဆက်

နယူးယောက်   နိုဝင်ဘာ  ၅

ကျောင်းသားများ၏ အေအိုင်အသုံးပြုမှုနှင့် အွန်လိုင်းရှာဖွေရေးလုပ်ငန်းစဉ်များကို စာသင်ကျောင်းများက ထိန်းချုပ်နိုင်မည့် စနစ်သစ်များကို ဂူဂဲလ်က စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါပြောင်းလဲမှုသည် ကမ္ဘာတစ်ဝန်းရှိ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများတွင် သက်ရောက်မှုရှိမည်ဟု အမေရိကန် နည်းပညာကုမ္ပဏီ ဂူဂဲလ်က ပြောကြားသည်။

ကျောင်းသားအကောင့်များမှ Gemini၊ Gemini Notebook၊ Gemini in Classroom နှင့် Google Search ဝန်ဆောင်မှုများကို မူလသတ်မှတ် ချက်အနေဖြင့် အသုံးပြုခွင့်ပိတ်ထားမည်ဖြစ်ပြီး ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ခွင့်ပြုမှသာ အသုံးပြုနိုင်မည်ဖြစ်သည်။

ထို့ပြင် ကျောင်းသားများ၏ သင်ခန်းစာလေ့လာမှုကို အထောက်အကူပြုရန် Guided Learning လုပ်ဆောင်ချက်ကိုလည်း မိတ်ဆက်ထားသည်။   ယင်းစနစ်သည်  ကျောင်းသားများအား  မေးခွန်းများ၏  အဖြေကို  တိုက်ရိုက်ပေးခြင်းထက် သင်ခန်းစာသဘောတရားများကို နားလည်စေရန်နှင့် စဉ်းစားတွေးခေါ်နိုင်စွမ်း တိုးတက်စေရန် အဆင့်ဆင့်လမ်းညွှန်ပေးမည်ဟု ဆိုသည်။

ကျောင်းသားများက အေအိုင်အပေါ် အလွန်အကျွံမှီခိုလာနိုင်သည့်အပြင် သင်ခန်းစာများကို ကိုယ်တိုင်စဉ်းစားလေ့လာမှု လျော့နည်းလာမည်ကို စိုးရိမ်မှုများ မြင့်တက်လာသည့်အချိန်တွင် ယခုကဲ့သို့ ပြောင်းလဲမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ဂူဂဲလ်၏ ပညာရေးဝန်ဆောင်မှုဖြစ်သည့် Google Classroom ကို ကမ္ဘာတစ်ဝန်းရှိ ဆရာ ဆရာမများနှင့် ကျောင်းသားပေါင်း သန်း ၁၅၀ ကျော် အသုံးပြုလျက်ရှိကြောင်း သိရသည်။                    

အင်န်အိတ်ချ်ကေ

မူရင်းသတင်း — Myanmar Digital News