Myanmar Transparency News

လှူဒါန်းငွေ အလွဲသုံးစားမှု သံသယဖြင့် Miss Thailand အလှမယ်ဟောင်း ဖမ်းဆီးခံရ

သက်တံ့
၆. ၁၁. ၂၀၂၆

ထိုင်းနိုင်ငံ၏ ထင်ရှားသော ပရဟိတ ပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့သည့် Miss Thailand ဆုရှင်ဟောင်း ဘွမ်း ပနတ်ဒါ ဝေါင်းဖူဒီ (Boom Panadda Wongphudee) သည် သူမ၏ ပရဟိတဖောင်ဒေးရှင်းအတွက် ရရှိထားသော ပြည်သူ့လှူဒါန်းငွေများကို အလွဲသုံးစားပြုလုပ်ခဲ့သည်ဟူသော စွပ်စွဲချက်များဖြင့် သောကြာနေ့နံနက်ပိုင်းတွင် ဘန်ကောက်မြို့၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

အသက် ၅၀ အရွယ် မင်းသမီး၊ ရုပ်မြင်သံကြား တင်ဆက်သူနှင့် “Do Good Organisation Foundation” ၏ ဥက္ကဋ္ဌဖြစ်သူ ပနတ်ဒါသည် အများပြည်သူအား လိမ်လည်မှု၊ ငွေကြေးခဝါချမှုနှင့် ထိုင်းနိုင်ငံ၏ ကွန်ပျူတာပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မများအပါအဝင် စွပ်စွဲချက် ၃ ခုဖြင့် ရင်ဆိုင်နေရသည်။

ရာဇဝတ်တရားရုံးမှ ထုတ်ပြန်သော ဖမ်းဝရမ်းအတိုင်း စီးပွားရေးပြစ်မှု နှိမ်နင်းရေးဌာနမှ ရဲအရာရှိများသည် ဘန်ကောက်မြို့၊ ဘိန်းခွမ် (Bueng Kum) ခရိုင်၊ နဝမင်း (Nawamin) လမ်းရှိ လူနေအိမ်ရာ စက်ဝန်းအဝင်ဝအနီးတွင် ပနတ်ဒါအား နံနက် ၆:၂၈ နာရီအချိန်ခန့်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ပနတ်ဒါနှင့် သူမ၏ ရှေ့နေဖြစ်သူ ဧကဆစ် သီရိဆန်း (Lawyer Phet ဟုလည်း သိကြသည်) တို့သည် စုံစမ်းစစ်ဆေးမှု နောက်ဆုံးအခြေအနေအား မေးမြန်းရန် အိမ်ရာပြင်ပတွင် စုဝေးရောက်ရှိနေကြသော သတင်းထောက်များကို ရှင်းလင်းပြောကြားရန် ပြင်ဆင်နေစဉ်အတွင်း ယခုကဲ့သို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

သတင်းစာရှင်းလင်းပွဲ မစတင်မီ ရဲတပ်ဖွဲ့ ရောက်ရှိလာပြီး ဖမ်းဝရမ်းနှင့် ရှာဖွေဝရမ်းများကို ပြသကာ ပနတ်ဒါအား ထပ်မံ၍ သက်သေအထောက်အထားများ သိမ်းဆည်းရန်အတွက် သူမ၏ နေအိမ်သို့ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။

“Do Good Organisation Foundation” ထံ လှူဒါန်းထားသော ငွေကြေးများကို ပရဟိတ လုပ်ငန်းစဉ်များနှင့် မသက်ဆိုင်သော နေရာများတွင် အသုံးပြုခဲ့သည်ဆိုသည့် စွပ်စွဲချက်များအပေါ် စုံစမ်းစစ်ဆေးမှုများ အဓိကထား ဆောင်ရွက်နေခြင်းဖြစ်ပြီး အာဏာပိုင်များသည် ပနတ်ဒါနှင့် သူမနှင့် နီးစပ်သူများ၏ ငွေကြေးစီးဆင်းမှု စာရင်းများနှင့် ပိုင်ဆိုင်မှုများကို စစ်ဆေးလျက်ရှိသည်။

အားလုံးကို တောင်းပန်ပါတယ်

နေအိမ်အား ဝင်ရောက်ရှာဖွေပြီးနောက် ရဲတပ်ဖွဲ့က ပနတ်ဒါအား ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (Central Investigation Bureau) ဌာနချုပ်သို့ ခေါ်ဆောင်သွားခဲ့ပြီး ထိုနေရာတွင် သတင်းထောက်အမြောက်အမြားက သံဆန်ခါ အတားအဆီးများ နောက်ကွယ်မှ စောင့်ဆိုင်းနေကြသည်။

သူမသည် သတင်းထောက်များအား ထိုင်းရိုးရာ “ဝှိုက်” (Wai – လက်အုပ်ချီခြင်း) ဖြင့် နှုတ်ဆက်ခဲ့ပြီး ရှေ့နေနှင့်အတူ အဆောက်အအုံအတွင်းသို့ လမ်းလျှောက်ဝင်ရောက်စဉ် သိသိသာသာ နွမ်းနယ်ပြီး ငြိမ်သက်နေသည့် ပုံစံမျိုး တွေ့ရသည်။

“ဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းဖို့ ပြင်ဆင်ထားပါတယ်” ဟု သူမက သတင်းထောက်များကို ပြောကြားခဲ့သည်။

ဒီအခြေအနေမျိုးအထိ ဘာလို့ ရောက်ရှိသွားခဲ့ရသလဲဟု မေးမြန်းရာတွင် ပနတ်ဒါက ဖြေကြားရန် ငြင်းဆိုခဲ့သည်။

သူမသည် စစ်ဆေးမေးမြန်းရန် အဆောက်အအုံအတွင်းသို့ မဝင်မီ လက်အုပ်ချီကာ “အားလုံးကို တောင်းပန်ပါတယ်။ အားလုံးကို တောင်းပန်ပါတယ်” ဟုသာ ထပ်ခါတလဲလဲ ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့အနေဖြင့် ၎င်းအား တရားရုံးတွင် ထိန်းသိမ်းမိန့် လျှောက်ထားခြင်းအပါအဝင် ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်သွားမည်ဟု မျှော်လင့်ရသည်။ သောကြာနေ့တွင် ရဲတပ်ဖွဲ့၏ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်မဟုတ်ကြောင်း သတင်းများက ဖော်ပြသည်။

နေရာ ၄ ခုကို ရဲတပ်ဖွဲ့ ဝင်ရောက်ရှာဖွေ

စုံစမ်းစစ်ဆေးသူများသည် ယခုအမှုနှင့် ဆက်စပ်နေသော နေရာ ၄ ခုကို တစ်ပြိုင်နက်တည်း ဝင်ရောက်ရှာဖွေခဲ့ကြသည်။

ရှာဖွေခဲ့သည့် နေရာများတွင် ဘန်ကောက်ရှိ ပနတ်ဒါ၏ နေအိမ်၊ ပထုံဌာနီ (Pathum Thani) ခရိုင်ရှိ သူမ၏ ခင်ပွန်းဖြစ်သူ အာတစ် အနန္တဝမ် (Got ဟုလည်း သိကြသည်) ပိုင်ဆိုင်သော အိမ်ရာ၊ သညာဘူရီ (Thanyaburi) ခရိုင်ရှိ ဖောင်ဒေးရှင်းရုံးခန်းနှင့် ဘန်ကောက်မြို့ ဘန်းခန်း (Bang Khen) ဧရိယာရှိ အခြားနေရာတစ်ခုတို့ ပါဝင်သည်။

အာတစ်ကိုလည်း စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်၍ သောကြာနေ့တွင် ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို ဌာနချုပ်သို့ ခေါ်ဆောင်သွားခဲ့သည်။

လှူဒါန်းထားသော ရန်ပုံငွေများကို ရည်ရွယ်ထားသည့် လုပ်ငန်းစဉ်များမှ သွေဖည်၍ အသုံးပြုထားခြင်း ရှိမရှိ ဆုံးဖြတ်ရန် ရဲတပ်ဖွဲ့က ငွေကြေးမှတ်တမ်းများ၊ ပိုင်ဆိုင်မှု အထောက်အထားများနှင့် ငွေလွှဲပြောင်းမှုများကို စစ်ဆေးနေသည်။

ယခု စုံစမ်းစစ်ဆေးမှုတွင် ငွေကြေးခဝါချမှု တားဆီးနှိမ်နင်းရေးရုံး (AMLO) နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အာဏာပိုင်များသည် ပနတ်ဒါနှင့် သူမနှင့် နီးစပ်သူများ၏ ဘဏ်အကောင့်များနှင့် ပိုင်ဆိုင်မှုများကို စစ်ဆေးနေသည်။

စုံစမ်းစစ်ဆေးသူများသည် ဘဏ်အကောင့် ၁၅ ခုမှ ၁၇ ခုခန့်နှင့် အိမ်၊ မြေ၊ မော်တော်ယာဉ်များနှင့် အဆင့်မြင့် ပစ္စည်းများအပါအဝင် ဘတ် သန်း ၁၀၀ ကျော် တန်ဖိုးရှိ ပိုင်ဆိုင်မှုများကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း အစောပိုင်း သတင်းများတွင် ဖော်ပြထားသည်။ သို့သော်လည်း အဆိုပါ ပိုင်ဆိုင်မှုအားလုံးကို ပရဟိတ လှူဒါန်းငွေများဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု အာဏာပိုင်များက အတည်ပြုနိုင်ခြင်း မရှိသေးပေ။

Miss Thailand ဆုရှင်မှသည် ပရဟိတသမားတစ်ဦးအဖြစ်သို့

ပနတ်ဒါ ဖမ်းဆီးခံရမှုသည် နှစ်ပေါင်း ၂၀ ကျော်တိုင်တိုင် လူသားချင်းစာနာထောက်ထားမှု အလုပ်များဖြင့် အဓိက ပုံဖော်ခဲ့သော ပရဟိတ လူသိများသည့် ပုဂ္ဂိုလ်တစ်ဦးအတွက် အံ့ဩဖွယ်ရာ အကွေ့အပြောင်းတစ်ခု ဖြစ်လာခဲ့သည်။

၂၀၀၀ ပြည့်နှစ်တွင် Miss Thailand ဆုကို ရရှိခဲ့ပြီးနောက် အနုပညာလောကတွင် အသက်မွေးဝမ်းကျောင်း ပြုခဲ့ပြီး နောက်ပိုင်းတွင် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကြောင့် ကျယ်ကျယ်ပြန့်ပြန့် လူသိများလာခဲ့သည်။

သူမသည် ရေဘေးသင့် ဒေသများသို့ မကြာခဏ သွားရောက်ကာ ပစ္စည်းများ ဖြန့်ဝေခြင်း၊ အကူအညီများ ညှိနှိုင်းပေးခြင်းနှင့် အကူအညီ လိုအပ်နေသူများအတွက် ရန်ပုံငွေ ကောက်ခံခြင်းများကို ဆောင်ရွက်ခဲ့သည်။ ပရဟိတလုပ်ငန်းများတွင် သူမ၏ ထင်ရှားသော အခန်းကဏ္ဍသည် ထိုင်းနိုင်ငံတစ်ဝှမ်းမှ အနုပညာရှင်များနှင့် ပြည်သူများထံမှ လှူဒါန်းငွေများ ရရှိစေရန် ဆွဲဆောင်နိုင်ခဲ့သည်။

အမေရိကန်ဒေါ်လာ သန်းချီတန်ကြေးရှိသော ဖောင်ဒေးရှင်းသို့ ဘတ် ၁ သန်း လှူဒါန်းခဲ့ပြီးနောက် မင်းသမီး ရာနီ ကမ်ပန် (Bella ဟု လူသိများသည့် Ranee Campen) သည်လည်း အသက်သေအဖြစ် စုံစမ်းစစ်ဆေးသူများ၏ မေးမြန်းခြင်းခံခဲ့ရသူများတွင် ပါဝင်ခဲ့သည်။

ယခု အငြင်းပွားဖွယ်ရာ အခြေအနေသည် ပနတ်ဒါကိုယ်တိုင် ဦးဆောင်ထူထောင်ခဲ့သည့် အဖွဲ့အစည်းအတွင်း သူမ၏ ရာထူးနေရာကိုလည်း ထိခိုက်စေခဲ့သည်။

Do Good Organisation Foundation က ငွေကြေးဆိုင်ရာ ပုံမှန်မဟုတ်မှုများကို စုံစမ်းစစ်ဆေးနေစဉ်အတွင်း သူမ၏ ဥက္ကဋ္ဌ တာဝန်များကို ယာယီဆိုင်းငံ့ထားပြီး လမ်းကြောင်းအားလုံးမှတစ်ဆင့် လှူဒါန်းမှုများကို ရပ်ဆိုင်းထားကြောင်း အစောပိုင်းက ကြေညာခဲ့သည်။

ပြည်သူ့ယုံကြည်မှုအပေါ် မေးခွန်းထုတ်စရာဖြစ်လာ

ယခု စုံစမ်းစစ်ဆေးမှုသည် ပရဟိတ ရန်ပုံငွေ ကောက်ခံခြင်းများတွင်၊ အထူးသဖြင့် ထင်ပေါ်ကျော်ကြားသူများနှင့် နီးကပ်စွာ ဆက်စပ်နေသော အဖွဲ့အစည်းများမှတစ်ဆင့် လှူဒါန်းငွေများ ကောက်ခံသည့်အခါ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ ပိုမိုကျယ်ပြန့်သော မေးခွန်းများကို ထွက်ပေါ်လာစေခဲ့သည်။

နိုဝင်ဘာ ၄ ရက်နေ့တွင် ထိုင်းနိုင်ငံ ရဲချုပ်က နိုင်ငံတစ်ဝှမ်းရှိ ရဲတပ်ဖွဲ့ဝင်များအား မရိုးမဖြောင့်သော နည်းလမ်းဖြင့် လှူဒါန်းငွေများ တောင်းခံသည်ဟု သံသယရှိရသော ဖောင်ဒေးရှင်းများ၊ အဖွဲ့အစည်းများနှင့် ထင်ရှားသူများကို စုံစမ်းစစ်ဆေးရန် အုပ်ချုပ်ရေး အာဏာပိုင်များ၊ ငွေကြေးခဝါချမှု တားဆီးနှိမ်နင်းရေးရုံးတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။

ပနတ်ဒါ၏ ဖောင်ဒေးရှင်းနှင့် ပတ်သက်သည့် အမှုအပါအဝင် အမှုအသီးသီးတွင် ရရှိထားသော အထောက်အထားများနှင့် ငွေကြေးလွှဲပြောင်းမှုများအတိုင်း စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ပနတ်ဒါအတွက်မူ ယခု ဥပဒေကြောင်းအရ ဆောင်ရွက်မှုများသည် ပရဟိတအလုပ်နှင့် သဘာဝဘေး ကူညီကယ်ဆယ်ရေးများပေါ်တွင် တည်ဆောက်ထားခဲ့သော သူမ၏ လူထုပုံရိပ်အတွက် ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့သည်။

စွပ်စွဲချက်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်။ သူမအား ဖမ်းဆီးခြင်းနှင့် စွပ်စွဲထားသော ပြစ်မှုများသည် အပြစ်ရှိကြောင်း ဆုံးဖြတ်ချက် မဟုတ်သေးဘဲ တရားရုံးက ပြစ်ဒဏ်မချမှတ်မီအထိ သူမအား အပြစ်မဲ့သူအဖြစ် ယူဆပိုင်ခွင့် ဆက်လက်ရှိနေမည် ဖြစ်သည်။

Ref: Khaosod

မူရင်းသတင်း — Myanmar Transparency News