Myanmar Digital News

ဂျပန်နိုင်ငံမြောက်ပိုင်းရှိ အဆောက်အအုံဖြိုဖျက်ရေးလုပ်ငန်းခွင်တွင် ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်မှု သံသယဖြင့် လူ ၁၀ ဦး ဆေးရုံသို့ပို့ဆောင်လိုက်ရ

နိုဝင်ဘာ ၆

ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးခရိုင်ရှိ အဆောက်အအုံဖြိုဖျက်ရေးလုပ်ငန်းခွင်တစ်ခုတွင် အလုပ်သမားများ ခေါင်းကိုက်ခြင်းနှင့် ပျို့အန်ခြင်းဝေဒနာများ ခံစားခဲ့ရသဖြင့် ယနေ့တွင် လူ ၁၀ ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ဒေသဆိုင်ရာ မီးသတ်အာဏာပိုင်များက ပြောကြားခဲ့သည်။

ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်မှု ဖြစ်နိုင်သည်ဟု ၎င်းတို့အနေဖြင့် ယူဆကြောင်း ဖော်ပြထားသည်။

ဟာကိုဒိတ်မြို့မီးသတ်ဌာနက ဒေသစံတော်ချိန် နံနက် ၉ နာရီ ၅ မိနစ်ခန့်တွင် အရေးပေါ်ကယ်ဆယ်ရေးဌာနသို့ အကြောင်းကြားချက်တစ်ခု လက်ခံရရှိခဲ့ကြောင်း ပြောကြားသည်။

 

အဆိုပါအကြောင်းကြားချက်တွင်ဟာကိုဒိတ်မြို့ရှိအဆောက်အအုံဖြိုဖျက်ရေးလုပ်ငန်းခွင်၌ အတွင်းပိုင်း ပြုပြင်မွမ်းမံရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် လူအများအပြား ရုတ်တရက် နေမကောင်းဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။

ဆယ်ကျော်သက်နှင့် ၆၀ ကျော်ကြားအရွယ်ရှိ အမျိုးသားနှင့် အမျိုးသမီး ၁၀ ဦးသည် ခေါင်းကိုက်ခြင်းနှင့် ပျို့အန်ခြင်းအပါအဝင် ရောဂါလက္ခဏာများ ခံစားခဲ့ရသဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်းနှင့် အချို့မှာ အကူအညီမပါဘဲ မလှုပ်ရှားနိုင်ကြသော်လည်း အားလုံးသတိရှိနေကြောင်း မီးသတ်ဌာနက ပြောကြားခဲ့သည်။

အဆိုပါလုပ်ငန်းခွင်တွင် အင်ဂျင်အသုံးပြုသည့် ဖိအားမြင့်ရေဆေးစက်တစ်လုံးကို အသုံးပြုနေခဲ့သည်ဟု ယူဆရကြောင်းနှင့် ဖြစ်စဉ်ဖြစ်ပွားရသည့် အကြောင်းရင်းကို မီးသတ်အာဏာပိုင်များက စုံစမ်းစစ်ဆေးလျက်ရှိပြီး ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့ အဆိပ်သင့်မှုကြောင့်ဖြစ်နိုင်သည်ဟု သံသယရှိကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

မူရင်းသတင်း — Myanmar Digital News