Myanmar Digital News

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကမာရွတ်မြို့နယ် တက္ကသိုလ်များနယ်မြေအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၆

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ကမာရွတ်မြို့နယ်ရှိ တက္ကသိုလ်များ နယ်မြေအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။  

 

ရန်ကုန်ပညာရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ) ခြောက်ထပ် စာသင်ဆောင်သစ် တည်ဆောက်ရေး လုပ်ငန်းခွင်

ဦးစွာ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ရန်ကုန်ပညာရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ) အတွင်း ခြောက်ထပ် စာသင်ဆောင်သစ် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိကြရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကမာရွတ်နယ်မြေအတွင်း ဇုန်အလိုက် ပညာရေးနှင့် သက်ဆိုင်သည့် သင်ကြားရေး အဆောက်အအုံများ၊ အုပ်ချုပ်ရေး အဆောက်အအုံများ၊ ဝန်ထမ်းအဆောက်အအုံများ၊ ကျောင်းသား ကျောင်းသူ  အဆောင်များ၊ အားကစားဆိုင်ရာ အဆောက်အအုံများနှင့် တည်ဆောက်ဆဲ အဆောက်အအုံဆိုင်ရာများ၊ ရန်ကုန်ပညာရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ)အတွင်း ခြောက်ထပ်စာသင်ဆောင်သစ် တည်ဆောက်နေမှုဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက အဆောက်အအုံသစ်များ တည်ဆောက်ရာတွင် စနစ်တကျ နေရာချ၍ တည်ဆောက်သွားရန်လိုပြီး ရေရှည်ကိုကြည့်၍ ဖြစ်ပေါ်လာနိုင်သည်များကို အဘက်ဘက်မှ တွက်ချက်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စာသင်ဆောင်အနေဖြင့် လူအများ စုဝေးရောက်ရှိနေမည့် အဆောက်အအုံဖြစ်သဖြင့် သဘာဝဘေးအန္တရာယ်များနှင့် အရေးပေါ် အခြေအနေများ ဖြစ်ပေါ်လာပါက ဘေးအန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍လည်း ထည့်သွင်းတွက်ချက် ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတသည် ခြောက်ထပ် စာသင်ဆောင်သစ် တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

တက္ကသိုလ်များပုံနှိပ်တိုက်

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် တက္ကသိုလ်များပုံနှိပ်တိုက်သို့ ရောက်ရှိကြပြီး ပုံနှိပ်တိုက်အတွင်း စာအုပ်စာစောင်များ ရိုက်နှိပ်ချုပ်လုပ်နေမှု အခြေအနေများနှင့် ပုံနှိပ်တိုက်မှ ရိုက်နှိပ်ထုတ်လုပ်ထားသည့် စာအုပ်စာစောင်များကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် စာအုပ်စာစောင်များကို စနစ်တကျဖြင့် အချိန်မီရိုက်နှိပ် ထုတ်ဝေနိုင်ရေး ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

 

တက္ကသိုလ်များအားကစားကွင်း

ဆက်လက်ပြီး နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် တက္ကသိုလ်များ အားကစားကွင်းနှင့် ပွဲကြည့်စင်များ အဆင့်မြှင့်တင်တည်ဆောက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက အားကစားကွင်းနှင့် ပွဲကြည့်စင်များ အဆင့်မီမီဖြစ်စေရေး စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပမှုရှိစေရေးနှင့် လေဝင်လေထွက်ကောင်းမွန်မှု ရှိစေရေးအတွက်လည်း သန့်ရှင်းရေးလုပ်ငန်းများ၊ အလင်းဖွင့်ခြင်းလုပ်ငန်းများ၊ အောက်ခြေရှင်းခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

 

တက္ကသိုလ်များရေကူးကန်

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် တက္ကသိုလ်များ ရေကူးကန်သို့ရောက်ရှိပြီး ရေကူးကန်အဆင့်မြှင့်တင်ရေး ဆောင်ရွက်သွားမည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက တက္ကသိုလ်များ ရေကူးကန်ကို တက္ကသိုလ်အဆင့်နှင့် လျော်ညီစွာဖြင့် ပြုပြင်တည်ဆောက်သွားရန်၊ ထိုသို့ဆောင်ရွက်ရာတွင် ရေဆိုးထုတ်စနစ်များကိုလည်း စနစ်တကျ ထည့်သွင်းတည်ဆောက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

 

တက္ကသိုလ်များဆေးရုံ

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် တက္ကသိုလ်များဆေးရုံသို့ ရောက်ရှိကြပြီး ဓာတ်ခွဲခန်း၊ သွားရောဂါကုသမှုဌာနနှင့် မျက်စိရောဂါကုသမှု ဌာနတို့အတွင်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှုနှင့် လူနာဆောင်များ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတသည် ကျန်းမာရေးစောင့်ရှောက်မှုများ လာရောက်ခံယူကြသည့် ပြည်သူများ၊ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

 

မူရင်းသတင်း — Myanmar Digital News