Myanmar Digital News

မြန်မာနိုင်ငံနှင့် အိုမန်နိုင်ငံတို့အကြား လေကြောင်းပို့ဆောင်ရေးသဘောတူစာချုပ် လက်မှတ်ရေးထိုး


နေပြည်တော် နိုဝင်ဘာ ၆

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် အိုမန်စော်ဘွားနိုင်ငံတို့အကြား လေကြောင်းပို့ဆောင်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကို နိုဝင်ဘာ ၂ ရက်တွင် အိုမန်နိုင်ငံ မတ်စကတ်မြို့ရှိ မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ရုံးချုပ်၌ ပြုလုပ်ခဲ့ပြီး ယင်းသဘောတူစာချုပ်ကို မြန်မာနိုင်ငံဘက်မှ ပို့ဆောင်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်နှင့် အိုမန်စော်ဘွားနိုင်ငံဘက်မှ အိုမန်မြို့ပြ လေကြောင်းအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ နိုင်းဖ်အလီဟာမက်အာ - အာဘရီတို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

 

လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ နှစ်နိုင်ငံ လေကြောင်းအာဏာပိုင်အဖွဲ့များမှ အဆင့်မြင့်အရာရှိကြီးများ၊ လေကြောင်းလိုင်းများနှင့် လေဆိပ်များမှကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

 

အဆိုပါသဘောတူစာချုပ်အရ မြန်မာနိုင်ငံနှင့် အိုမန်နိုင်ငံတို့က သတ်မှတ်ထားသော လေကြောင်းလိုင်းများသည် လေကြောင်းဆက်သွယ်ပျံသန်းမှုများ ပြုလုပ်နိုင်မည်ဖြစ်သဖြင့် ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News