Myanmar Digital News

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း တောင်ငူခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးအကောင်အထည်ဖော်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၆

 

နေပြည်တော်ဗဟိုပြု၍ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်နှင့် တောင်ငူခရိုင်တို့တွင် စိုက်ပျိုးရေး၊မွေးမြူရေးကို အခြေခံ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် အထူးဖွံ့ဖြိုးရေးဒေသအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းသည် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် အထူးဖွံ့ဖြိုးရေးဒေသအဖြစ် အကောင်အထည်ဖော်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် တောင်ငူမြို့နယ် ခပေါင်းခန်းမ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် တောင်ငူခရိုင်အတွင်း စိုက်ပျိုးမွေးမြူရေးကို အခြေခံ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် အထူးဖွံ့ဖြိုးရေးဒေသအဖြစ် အကောင်အထည်ဖော်နေမှုများကို ပေါင်းစပ်ညှိနှိုင်းပေးရန် လာရောက်ခြင်းဖြစ်ကြောင်း၊ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောကဏ္ဍထွက်ကုန်ကြမ်းများကို စက်မှုနည်းပညာဖြင့် တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) များအဖြစ် ပြောင်းလဲထုတ်လုပ်သည့် စိုက်ပျိုးမွေးမြူရေး အခြေခံစက်မှုလုပ်ငန်း(Agro-based Industry)ဖော်ဆောင်ရန်နှင့် ခရိုင်အတွင်း ကြက်၊ ဝက်၊ ဆိတ်၊ နွားအပြင် မိုးရေချိန် ကောင်းမွန်သဖြင့် ငါးနှင့် ဘဲမွေးမြူရေးကိုပါ တိုးချဲ့၍ ကြက်သား၊ ကြက်ဥနှင့် အေးခဲအသားထုတ်လုပ်သည့် MSME လုပ်ငန်းများကို စံပြဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 

ထို့ပြင် သားငါးမွေးမြူရေးလုပ်ငန်းများ၌ ရောဂါကြိုတင်ခန့်မှန်းခြင်း၊ အစာလိုအပ်ချက် တွက်ချက်ခြင်း၊ အအေးပေးစနစ် စနစ်တကျသုံးစွဲခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းပါးစေရန် စွန့်ပစ်ပစ္စည်းများ စနစ်တကျစီမံခြင်းစသည့် ခေတ်မီမွေးမြူရေးစနစ်များကို လိုက်နာကျင့်သုံးရန်နှင့် တောင်သူများအနေဖြင့် နည်းပညာပလက်ဖောင်းများမှတစ်ဆင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အချက်အလက်နှင့် လမ်းညွှန်ချက်များကို လေ့လာအသုံးပြုနိုင်ရေး ကူညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ခရိုင်နှင့် မြို့နယ်များတွင်လည်း စည်ပင်သာယာရေးမြေ၊ ရပ်ကွက်နှင့် လမ်းများ စနစ်တကျရှိပြီး ရေရှည်တည်တံ့ကာ စိမ်းလန်းစိုပြည်သန့်ရှင်းသပ်ရပ်သည့် မြို့ပြစီမံကိန်း (Town Plan) ရေးဆွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 

ရာသီဥတုပြောင်းလဲမှုနှင့် အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်မြင့်မားခြင်းနှင့် မိုးခေါင်ရေရှားခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် စိုက်ပျိုးရေနှင့် သောက်သုံးရေ လုံလောက်မှုရှိစေရန် စက်ရေတွင်းများ တူးဖော်ခြင်း၊ ရေကန်များအတွင်း ရေကြိုတင်ဖြည့်တင်းခြင်းနှင့် ရေအရင်းအမြစ် ရေရှည်စီမံခန့်ခွဲမှုများကို ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြင့် ဒေသဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးမွေးမြူရေးနှင့် သီးနှံအထွက်နှုန်း ကိန်းဂဏန်းအချက် အလက်များကို မြေပြင်အခြေအနေမှန်အတိုင်း တိကျမှန်ကန်စွာ ကောက်ယူတင်ပြရန် လိုအပ်ကြောင်း မှာကြားသည်။

 

ထို့နောက် တောင်ငူခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ဒေသဆိုင်ရာ အချက်အလက်များ၊ ခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် အထူးဖွံ့ဖြိုးရေးဒေသအဖြစ် အကောင်အထည်ဖော်နေမှုများကို ရှင်းလင်းတင်ပြသည်။ 

 

ယင်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သီးနှံစိုက်ပျိုးမှု ပန်းတိုင်ရည်မှန်းချက် ပြည့်မီစွာရရှိရေး စိစစ်ဆောင်ရွက်နေမှု အခြေအနေများနှင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေး တိုးတက်ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ဝန်ကြီးဌာနအလိုက် တာဝန်ရှိသူများက ခရိုင်အတွင်း သက်ဆိုင်ရာကဏ္ဍအလိုက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် တောင်ငူမြို့ ထီးလှိုင်လမ်းပေါ်ရှိ စံကွက်ရိတ်သိမ်းပွဲသို့ တက်ရောက်၍ ရိတ်သိမ်းခြွေလှေ့စက်ဖြင့် စပါးရိတ်သိမ်းနေမှုနှင့် ဆောင်းသီးနှံစိုက်ပျိုးနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှု အားပေးကြကာ ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးမြေများအတွင်း သီးထပ်စွမ်းအား မြှင့်တင်စိုက်ပျိုးရေး၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်သုံးစွဲ၍ ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးပမ်းဆောင်ရွက်ရေးတို့ကို မှာကြားကာ တောင်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် တောင်ငူမြို့ ဇီးဒိုင်းကျေးရွာအုပ်စုရှိ ဦးစောအယ်ဒို၏ အေဒင်မျိုးကြက်မွေးမြူရေးခြံသို့ သွားရောက်ကာ ဒေသကြက်များ မွေးမြူထားရှိမှုနှင့် သားဖောက်လုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုပြီး အစာနှင့် အာဟာရ၊ တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှု၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုတို့ကိုစနစ် တကျထားရှိဆောင်ရွက်ရေး၊ ဒေသထွက်ထုတ်ကုန်များကို အခြားဒေသများသို့ တိုးချဲ့ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနိုင်ရေး၊ မွေးမြူရေးမှတ်တမ်းများထားရှိရေး၊ အသားထုတ်ကုန် ဈေးကွက်ချိတ်ဆက်မှု မြှင့်တင်ရေးနှင့် ဒေသတွင်းစားရေရိက္ခာဖူလုံ၍ ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားနိုင်ရေးတို့ကို မှာကြားသည်။

 

ယင်းနောက် တောင်ငူမြို့ အမှတ် (၂) ရပ်ကွက် အေးမေတ္တာ တန် ၁၀၀ ဆန်စက်သို့ သွားရောက်၍ ဆန်စက်ကြိတ်ခွဲနေမှုနှင့် စွန့်ပစ်စပါးခွံဖြင့် လောင်စာတောင့် ပြုလုပ်နေမှုကို လည်းကောင်း၊ တောင်ငူ မြို့ရှောင် ရထားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း စီမံကိန်းသို့ သွားရောက်၍ စက်ယန္တရားကြီးများဖြင့် မြို့ရှောင်ရထားလမ်း ဖောက်လုပ်နေမှုကိုလည်းကောင်း၊ ကေတုမတီ ငါးမွေးမြူရေး ကုန်ထုတ်သမဝါယမ အသင်းလီမိတက်၏ ငါးမွေးမြူရေးလုပ်ငန်းသို့ သွားရောက်၍ မွေးမြူရေးကန်များအတွင်း ငါးမြစ်ချင်း၊ ငါးမုတ်နှင့် ငါးတန်ငါးများ စနစ်တကျ မွေးမြူထားရှိမှုတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်အပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် မဟင်ကျေးရွာရှိ ဦးဝေလင်းအောင်၏ ဝက်အသားတိုးမွေးမြူရေးခြံသို့ သွားရောက်လေ့လာ ကြည့်ရှုပြီး ကြီးထွားနှုန်းကောင်းမွန်သည့် မျိုးကောင်း မျိုးသန့်များ ရွေးချယ်မွေးမြူရေး၊ ဒေသထွက်ကုန်ကြမ်းများအား တိရစ္ဆာန်အစာအဖြစ် အကျိုးရှိစွာ သုံးစွဲနိုင်ရေး၊ မွေးမြူရေးခြံ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ တိရစ္ဆာန်ကူးစက်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန် အလေးထားဆောင်ရွက်ရေး၊ ဒေသတွင်း အသားဖူလုံရေးနှင့် ပိုလျှံပါက အခြားဒေသများသို့ တိုးချဲ့ တင်ပို့ရောင်းချနိုင်ရေး မှာကြားသည်။  

 

ထို့နောက် ကေတုမတီမြို့ သဝန်ငယ်ရပ်ကွက်ရှိ ဦးဉာဏ်ဝင်း၏ ပန်းကမ္ဘာစက္ကူစက်ရုံသို့ သွားရောက်ကာ ကုန်ကြမ်းရရှိရေး ဆောင်ရွက်နေမှု၊ ပျော့ဖတ်ထုတ်လုပ်နေမှု၊ စက္ကူထုတ်လုပ်နေမှုတို့ကို ကြည့်ရှုလေ့လာပြီး နတ်သျှင်နောင်ရပ်ကွက်ရှိ အညာသားလေး မုန့်ဖတ်ခြောက်လုပ်ငန်းသို့ သွားရောက်၍ မုန့်ဖတ်ထုတ်လုပ်နိုင်ရေး ဆန်ကြိတ်ခွဲနေမှု၊ အခြောက်ခံမှု၊ အရည်အသွေးစစ်ဆေးမှုနှင့် ထုပ်ပိုးမှုတို့ကို ကြည့်ရှုကာ ထုတ်လုပ်မှုအဆင့်တိုင်းတွင် သန့်ရှင်းရေး၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုပ်ပိုးမှုစနစ် အဆင့်မြှင့်တင်၍ ဈေးကွက်တိုးချဲ့နိုင်ရေး မှာကြားသည်။

 

ယင်းနောက် ကျွန်းကုန်းကျေးရွာအုပ်စုရှိ ဦးရဲဝင်း၏ ကောင်ရေ ၄၅၀၀၀ ရှိ ဥစားကြက်ခြံနှင့် ခိုင်ရွှေဝါဆီစက်လုပ်ငန်းသို့ သွားရောက်၍ ဥစားကြက် မွေးမြူထားရှိမှုနှင့် ဆီထုတ်လုပ်နေမှုတို့ကိုလည်းကောင်း၊ အင်ဒိုင်းကျေးရွာရှိ ဦးသန်းထူး၏ ဝါးတူစက်ရုံသို့ သွားရောက်၍ ဝါးတူထုတ်လုပ်နေမှုတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News