Myanmar Digital News

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးနှင့် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၆

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ဦးတင်ဦးလွင်၊ ဦးမျိုးသန့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ် ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး ရေရှည်တည်တံ့ ခိုင်မြဲစေရေး ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ဆဋ္ဌသင်္ဂါယနာတင် မဟာ ပါသာဏလိုဏ်ဂူသိမ်တော်ကြီး

ဦးစွာ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ဆဋ္ဌသင်္ဂါ ယနာတင် မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီးအတွင်း ပြုပြင်ထိန်း သိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတသည် ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် ဗုဒ္ဓပြတိုက်အတွင်းရှိ ဗုဒ္ဓဖြစ်တော်စဉ် ပြခန်းများ၊ ပထမသင်္ဂါယနာတင်၊ ဒုတိယ သင်္ဂါယနာတင်နှင့် တတိယသင်္ဂါ ယနာတင်ပြခန်း၊  ပေထက်အက္ခရာ တင်ခဲ့သည့် စတုတ္ထသင်္ဂါယနာတင် ပြခန်းနှင့် မင်းတုန်းမင်းကြီးလက်ထက် ကျောက်ထက်အက္ခရာ တင်ခဲ့သည့် ပဉ္စမသင်္ဂါယနာတင် ပြခန်း၊ ဆဋ္ဌသင်္ဂါယနာတင်ရန် မဟာပါသာဏလိုဏ်ဂူတော်နှင့် ဖွားဖက်တော် အဆောက်အအုံ ကိုးခု တည်ဆောက်ခဲ့မှုမှတ်တမ်းနှင့် ဆဋ္ဌသင်္ဂါယနာတင် အခမ်းအနားကျင်းပခဲ့မှု မှတ်တမ်းဓာတ်ပုံများပြခန်း၊ ထေရဝါဒ ငါးနိုင်ငံမှ သံဃရာဇာ ခြောက်ပါးနှင့် ဆဋ္ဌဝန်ဆောင် ဆရာတော်ကြီး ၂၄ ပါး၊ ညောင်ရမ်းဆရာတော်၊ မစိုးရိမ် ဆရာတော်၊ မဟာစည် ဆရာတော်နှင့် မင်းကွန်းဆရာတော်တို့၏ ရုပ်တုများ၊ ဒါယိကာဦးနု၏ ကိုယ်တစ်ပိုင်း ရုပ်တု၊ ဆာဦးသွင်၏ ကိုယ်တစ်ပိုင်း ရုပ်တုပြခန်းများ၊ ဆဋ္ဌသင်္ဂါယနာ တင်ပွဲတွင် တပ်ဆင်အသုံးပြုခဲ့သည့် တံဆိပ်များနှင့် အသုံးအဆောင်ပစ္စည်းများ ပြခန်းများ၊ ပြည်ပနိုင်ငံများမှ လှူဒါန်းထားသောပစ္စည်းများ ပြခန်း၊ ရှေးခေတ် ပုံနှိပ်စက်များ၊ ခဲစာလုံးများ၊ ပိဋကတ်တော်ဆိုင်ရာ ပုံနှိပ်စာအုပ်မူများပြခန်း၊ ဆဋ္ဌသင်္ဂါ ယနာတင် ပိဋကသုံးပုံ အဋ္ဌကထာ စာအုပ်များကို ကွန်ပျူတာစာမူဖြင့် ပုံနှိပ်ထုတ်ဝေခြင်းနှင့် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုမှုမှတ်တမ်း ပြခန်းများ၊ သာသနာတော် ဆက်လက် အဓွန့်ရှည်တည်တံ့ ခြင်းအထိမ်းအမှတ်ကို ရည်ရွယ်၍ မြန်မာနိုင်ငံအနှံ့တွင် တည်ထားကိုးကွယ်ပူဇော်ထားရှိသော ဘုရား၊ စေတီပုထိုးများနှင့် သာသနိက အဆောက်အအုံ ပြခန်းများကို လိုက်လံကြည့်ရှုရာ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ယခုပြတိုက်သို့ လာရောက်လေ့လာကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အများပြည်သူများ ဗုဒ္ဓဖြစ်တော်စဉ်များနှင့် ဆဋ္ဌသင်္ဂါယနာတင် အခမ်းအနား ကျင်းပခဲ့မှုများကို ရှင်းလင်းစွာဖြင့် သိရှိလေ့လာနိုင်စေရေး တာဝန်ရှိသူများက စနစ်တကျဖြင့် ရှင်းလင်းပြောကြား ပေးရန်လိုကြောင်း၊ ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ရှေးဟောင်းသမိုင်းဝင်မှတ်တမ်း ဓာတ်ပုံများအား ကြည်လင်ပြတ်သားစွာဖြင့် ပြသနိုင်ရေး ခေတ်မီနည်းပညာများ အသုံးပြု၍ ရှေးမူမပျက် ပြန်လည်ပြုပြင်ထိန်းသိမ်းပြသနိုင်ရေး ပညာရှင်များဖြင့် ဆောင်ရွက်သွားရန် လိုကြောင်း၊ သမိုင်းဝင် ဆဋ္ဌသင်္ဂါ ယနာတင်အခမ်းအနား ကျင်းပခဲ့သည့် မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး တည်ဆောက်ခဲ့မှု မှတ်တမ်းဓာတ်ပုံများကို ပြည့်စုံစွာဖြင့် ထားရှိနိုင်ရေးဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ သမိုင်းဝင် အမွေအနှစ် အဆောက်အအုံများကို မိမိတို့ဘိုးဘေးများက တည်ဆောက်ခဲ့သကဲ့သို့ အဆိုပါ သမိုင်းဝင် အမွေအနှစ်များ ဆက်လက်တည်တံ့ခိုင်မြဲစေရေး မိမိတို့ပစ္စုပ္ပန်တွင် နေထိုင်ကြသူများတွင် တာဝန်ရှိကြောင်း၊ ပြခန်းအတွင်းပြသထားသည့် သမိုင်းဝင် ရှေးဟောင်းပစ္စည်းများ၊ ပိဋကတ် စာအုပ်များ ပျက်စီးယိုယွင်းမှုမရှိစေရေးအတွက်လည်း ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံရှိ ရှေးဟောင်းသမိုင်းဝင်နှင့် အထင်ကရ ဘုရား၊ စေတီများနှင့်ပုထိုးတော်ကြီးများ၏ မှတ်တမ်းဓာတ်ပုံများကိုလည်း ပြသနိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

 

အာဂန္တုကျောင်းဆောင်များ ပြုပြင်မွမ်းမံထိန်းသိမ်းထားရှိမှု

ယင်းနောက် မဟာပါသာဏ လိုဏ်ဂူတော်ကြီး၌ သာသနာရေးဆိုင်ရာ အခမ်းအနားများ ဆောင်ရွက်ရာတွင် ကြွရောက်ချီးမြှင့်တော်မူကြသည့် ပြည်တွင်း၊ ပြည်ပ ဆရာတော်၊ သံဃာတော်ကြီးများ သီတင်းသုံးတည်းခိုနိုင်ရေးအတွက် မဟာပါသာဏ လိုဏ်ဂူတော်ကြီးနှင့်အတူ တည်ဆောက်ခဲ့ကြသည့် ဖွားဖက်တော်အဆောက်အအုံ ကိုးခုမှ အာဂန္တုကျောင်းဆောင် လေးဆောင်အနက် အပရဂေါယာန အာဂန္တုကျောင်းဆောင်သို့ရောက် ရှိကြပြီး ပြုပြင်ထိန်းသိမ်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက သာသနာရေးဆိုင်ရာ အခမ်းအနားများသို့ ကြွရောက်ချီးမြှင့်တော်မူကြမည့် ပြည်တွင်း၊ ပြည်ပမှ ဆရာတော်၊ သံဃာတော်များ စိတ်နှလုံး ချမ်းမြေ့စွာဖြင့် တည်းခိုနေထိုင်နိုင်ရေး အာဂန္တုကျောင်းဆောင်များကို လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

 

ဗုဒ္ဓသာသနာ့ သံဃာ့ဆေးရုံတော်

ဆက်လက်၍ ဖွားဖက်တော် အဆောက်အအုံ ကိုးခုတွင် ပါဝင်သည့် ဗုဒ္ဓသာသနာ့သံဃာ့ ဆေးရုံတော်သို့ ရောက်ရှိကြပြီး ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏ လိုဏ်ဂူတော်ကြီး၌ ကျင်းပပြုလုပ်သည့် သာသနာရေးဆိုင်ရာ အခမ်းအနားများသို့ ကြွရောက်ချီးမြှင့်တော်မူကြသည့် ပြည်တွင်း၊ ပြည်ပမှ ဆရာတော်၊ သံဃာတော်များအတွက် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများကို လိုက်လံ ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန် မှာကြားသည်။

 

မဟာသိမ်တော်ကြီး

ထို့နောက် ကျောင်းဆောင်များ ပြုပြင်ထိန်းသိမ်းထားရှိမှုများအား မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ဖွားဖက်တော် အဆောက်အအုံ တစ်ခုဖြစ်သည့် မဟာသိမ်တော်ကြီးသို့ ရောက်ရှိကာ သိမ်တော်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ် ဆွမ်းတော်၊ ပန်း၊ ရေချမ်း ဆက်ကပ်ပူဇော်သည်။ ယင်းနောက် မဟာသိမ်တော်ကြီး ရေရှည်တည်တံ့ရေးအတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

 

ပိဋကတ်တိုက်တော်ကြီး

ဆက်လက်၍ သီရိမင်္ဂလာကမ္ဘာ အေးကုန်းမြေရှိ ပိဋကတ်တိုက်တော်ကြီးသို့ ရောက်ရှိပြီး ပိဋကတ်တိုက်တော်ကြီး ပင်မ အဆောက်အအုံတော်အတွင်း ပိဋကတ်တော်များ ထိန်းသိမ်းထားရှိမှု၊ ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးဆိုင်ရာ ဘာသာစာပေများ၊ အသုံးအဆောင်ပစ္စည်းများ ထိန်းသိမ်းထားရှိမှု၊ ကမ္ဘောဒီးယားခန်းမနှင့် သီရိလင်္ကာခန်းမတို့အတွင်း ပိဋကတ်တော်များ၊ ဗုဒ္ဓဘာသာ သာသနာတော်ထွန်းကား ပြန့်ပွားရေးဆိုင်ရာများ ထိန်းသိမ်းထားရှိမှု၊ ဗုဒ္ဓယဉ်ကျေးမှု ပြတိုက်အဆောက်အအုံတော်အတွင်း ဗုဒ္ဓဘာသာသာသနာတော် ထွန်းကားပြန့်ပွားရေးဆိုင်ရာများ၊ ရှေးဟောင်း ယဉ်ကျေးမှု အနုပညာလက်ရာများ၊ သမိုင်းဝင်အသုံးအဆောင် ပစ္စည်းများ ထိန်းသိမ်းထားရှိမှု တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြသည်။

 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ရှေးဟောင်းပစ္စည်းများနှင့် သမိုင်းဝင်မှတ်တမ်းများ၊ အထောက်အထားများသည် ငွေကြေးနှင့် တန်ဖိုးမဖြတ်နိုင်သော နိုင်ငံတော်နှင့်လူမျိုးတို့၏ အဖိုးတန် အမွေအနှစ်များဖြစ်သည့်အတွက် ရေရှည်တည်တံ့စေရန်နှင့် ပျက်စီးယိုယွင်းမှု မရှိစေရန် အထူးဂရုပြု စောင့်ရှောက်ထိန်းသိမ်းသွားရန်လိုကြောင်း၊ ပုံစံငယ် ပြုလုပ်ပြသထားရှိမှုများအား ခေတ်စနစ်နှင့် လျော်ညီစွာ ပြန်လည်ပြုပြင်မွမ်းမံသွားရန်လိုကြောင်း၊ ဗုဒ္ဓဘာသာ သာသနာတော်ထွန်းကား ပြန့်ပွားရေးဆိုင်ရာများ၊ ရှေးဟောင်း ယဉ်ကျေးမှု အနုပညာလက်ရာများ၊ ပေပုရပိုက်များ၊ သမိုင်းဝင် အသုံးအဆောင်ပစ္စည်းများ ထိန်းသိမ်းထားရှိမှုတွင် ဖော်ပြချက်စာသားများအား မြန်မာစာပေ ရေးထုံးသတ်ပုံမှန်ကန်စွာဖြင့် ရှင်းလင်းရေးသားဖော်ပြရန်နှင့် ရှေးဟောင်းပစ္စည်းများ၊ စေတီပုထိုးများ၊ ဘုရားများတွင်လည်း လာရောက်ကြည့်ရှုလေ့လာသူများ လွယ်ကူရှင်းလင်းစွာသိရှိနိုင်ရေး အကြောင်းအရာများ၊ မုဒြာပုံစံများ၊ ခုနှစ်၊ သက္ကရာဇ်များ၊ သက်တမ်းများကို ဖော်ပြထား ရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

 

ပိဋကတ်ပုံနှိပ်တိုက်

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် မဟာ ပါသာဏကုန်းမြေရှိ မဟာပါသာဏ လိုဏ်ဂူတော်ကြီး၏ ဖွားဖက်တော် အဆောက်အအုံတစ်ခုဖြစ်သော ဆဋ္ဌသင်္ဂါယနာတင် ပိဋကတ်တော် စာအုပ်များကို ပုံနှိပ်ထုတ်ဝေခဲ့သည့် သာသနာရေးဝန်ကြီးဌာန သာသနာရေးဦးစီးဌာန ပုံနှိပ်ထုတ်ဝေရေးဌာနခွဲ ပုံနှိပ်တိုက်သို့ရောက်ရှိပြီး ပုံနှိပ်တိုက်အတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတသည် ဆဋ္ဌသင်္ဂါယနာတင် ပိဋကတ်တော်စာအုပ်များကို ပုံနှိပ်ရာတွင် အသုံးပြုခဲ့သည့် ခဲစာလုံးပုံနှိပ်စက်နှင့် ပုံနှိပ်တိုက် ပြုပြင်ထိန်းသိမ်းမှု မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

 

မူရင်းသတင်း — Myanmar Digital News