Myanmar Digital News

ငွေကြေးတန်ဖိုးမတည်ငြိမ်ပျက်ပြားရန် ဖန်တီးဆောင်ရွက်သူများကိုအရေးယူ

နိုင်ငံတော်အစိုးရသည် အခြေခံစားသောက်ကုန်များနှင့် ကုန်စည်ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေး၊ ငွေကြေးဖောင်းပွမှုမဖြစ်စေရေး၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများအတွက် ဓာတ်အားထုတ်လုပ်မှု စရိတ်လျော့ကျစေရေးနှင့် အများပြည်သူအသုံးပြုရာတွင် ဓာတ်အားခမြင့်တက်မှုမရှိစေရေး၊ ဆန်ဈေး၊ ဆီဈေးမှစ၍ အစစအရာရာ ကုန်ပစ္စည်းဈေးနှုန်းများ တည်ငြိမ်မှုရှိစေရန် သတ်မှတ် နှုန်းထားများအတိုင်း ရောင်းဝယ်လုပ်ကိုင်ဆောင်ရွက်ကြရေး ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန် မကြာခဏလမ်းညွှန် အသိပေးလျက်ရှိသည်။ သို့သော် မသမာသူများ၊ မတော်လောဘဖြင့် စီးပွားရှာဖွေသူများ၏ မမှန်မကန်ဆောင်ရွက်မှုများကြောင့် ကုန်ပစ္စည်းနှင့်ငွေကြေးတန်ဖိုးများ မတည်ငြိမ်ပျက်ပြားနေသည်ကို တွေ့ရသည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာ့လောင်စာဆီဈေးနှုန်း အတက်အကျအခြေအနေ၊ ပြည်တွင်း ဒီဇယ်ဆီနှင့် သဘာဝဓာတ်ငွေ့ရည်ဈေးနှုန်းအခြေအနေ၊ အခြေခံစားသောက်ကုန် ကုန်စည်ဈေးနှုန်းများ အခြေအနေ၊ နိုင်ငံတော်၏ ဘဏ္ဍာငွေလိုအပ်ချက်နှင့် အခွန်အကောက်ရငွေ အခြေအနေတို့ကို လစဉ်သုံးသပ်စောင့်ကြပ်ကြည့်ရှုဆောင်ရွက်လျက်ရှိသည်။ ဒီဇယ်ဆီအပေါ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်၊ သဘာဝဓာတ်ငွေ့ရည်အပေါ် ကုန်သွယ်လုပ်ငန်းခွန်တို့ကို လအလိုက်ထပ်မံတိုးမြှင့် ကင်းလွတ်ခွင့်ပြုလျက်ရှိရာ တင်သွင်းသူများ၊ ဖြန့်ဖြူးသူများ၊ လက်လီရောင်းချသူများအနေဖြင့် မှန်မှန်ကန်ကန် ရောင်းဝယ်ဖောက်ကားရန်လိုပြီး အခွန်ကင်းလွတ်ခွင့်အကျိုးကျေးဇူးများကို ပြည်သူများအပြည့်အဝရရှိရန်လိုပေသည်။ နိုင်ငံတော်အနေဖြင့် အများပြည်သူ အကျိုးစီးပွားကိုရှေးရှု၍ အထူးကုန်စည်ခွန်ကင်းလွတ်ခွင့်များ၊ နိုင်ငံခြားငွေလဲလှယ်ရမည့်နှုန်းထားများကို သတ်မှတ်ပေးထားသော်လည်း ဈေးနှုန်းများ ဆက်လက်ကြီးမြင့်လာသည့်အကြောင်းရင်းကို ရှာဖွေရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံ၌ ငွေကြေးလည်ပတ်စီးဆင်းရာတွင် အဓိကကျသည့် ရွှေ၊ ငွေ၊ ကား၊ အိမ်ခြံမြေ အရောင်းအဝယ်များနှင့်ပတ်သက်၍ သတ်မှတ်နှုန်းထားများမရှိဘဲ ကြိုက်ရောင်း၊ ကြိုက်ဝယ် အလွတ်သဘောမျိုး ဈေးကစားဖန်တီးနေသည်ကိုတွေ့ရသည်။ အထူးသဖြင့် ငွေကြေးလည်ပတ် စီးဆင်းမှုတွင် အရေးပါသည့် နိုင်ငံခြားငွေကြေးတန်ဖိုးနှင့်ပတ်သက်၍ တရားမဝင်ရောင်းဝယ် ဖောက်ကားမှုများ ရှိနေသည်ကိုတွေ့ရသည်။ နေ့စဉ်နှင့်အမျှ နိုင်ငံတော်အတွက်လိုအပ်သည့် ကုန်စည်များနှင့် လုပ်ငန်းများဆောင်ရွက်နိုင်ရန် အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်၊ ထိုင်းဘတ်၊ အိန္ဒိယရူပီးတို့ကို အွန်လိုင်းကုန်သွယ်မှုပလက်ဖောင်းတွင် လိုင်စင်ရဘဏ်များမှတစ်ဆင့် သွင်းကုန်လုပ်ငန်းရှင်များသို့ ရောင်းချပေးလျက်ရှိပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဝက်ဘ်ဆိုက်နှင့် နေ့စဉ်ထုတ်နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာ အသိပေးလျက်ရှိသည်။

 

၂၀၂၆ ခုနှစ် ဧပြီလမှယနေ့အထိ FX အွန်လိုင်းကုန်သွယ်မှုပလက်ဖောင်းနှင့် AD လိုင်စင်ရဘဏ်များမှ တစ်ဆင့် အမေရိကန်ဒေါ်လာ ၂၂၂၁ ဒသမ ၂ သန်း၊ တရုတ်ယွမ် ၁၉၀၇ ဒသမ ၁ သန်း၊ ထိုင်းဘတ် ၆၇၁၂ ဒသမ ၈ သန်း၊ အိန္ဒိယရူပီး ၇၄ ဒသမ ၅ သန်းခန့်ကို သွင်းကုန်လုပ်ငန်းရှင်များသို့ ရောင်းချပေးခဲ့ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီ၊ စားသုံးဆီ၊ ဓာတ်မြေဩဇာနှင့် အခြားကုန်စည်များတင်သွင်းရန်အတွက် အမေရိကန်ဒေါ်လာ ၁၇၀၃ သန်းခန့်ကို ရောင်းချပေးခဲ့ပြီး ဖြစ်သည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် တရားဝင်ငွေလဲနှုန်းများကို နေ့စဉ်ထုတ်ပြန် ပေးလျက်ရှိသဖြင့် တရားဝင်ငွေလဲကောင်တာများတွင်လည်းကောင်း၊ ဘဏ်နှင့်ဝယ်ယူသူများ ကြားတွင်လည်းကောင်း ရောင်းဝယ်ခြင်းများအတွက် သတ်မှတ်ထုတ်ပြန်ထားသော နိုင်ငံခြားငွေ လဲလှယ်နှုန်းထားများဖြင့် လိုက်နာဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်သည်။

 

သို့ရာတွင် နိုင်ငံခြားငွေကြေးများကို ပြင်ပတွင် တရားမဝင်ငွေကြေးပေါက်ဈေးများဖြင့် တရားမဝင်ရောင်းဝယ်လုပ်ကိုင်နေကြသည်ကိုတွေ့ရသည်။ နိုင်ငံခြားငွေကြေးမြင့်တက်မှုနှင့်အတူ ရွှေဈေးကွက်၊ ကားဈေးကွက်၊ အိမ်ခြံမြေဈေးကွက်နှင့် အခြားပြည်တွင်း၊ ပြည်ပကုန်ပစ္စည်း ဈေးကွက်များတွင်ပါ ဈေးနှုန်းများလိုက်ပါ မြင့်တက်လာသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေဈေးနှုန်းမြင့်တက်မှုနှင့်အတူ မော်တော်ယာဉ်ဈေးနှုန်းများ အဆမတန်မြင့်တက်နေသည်။ မြန်မာနိုင်ငံ၌ ပြည်ပမှမော်တော်ယာဉ်အမျိုးမျိုးကို ပြည်တွင်း၌တပ်ဆင်ထုတ်လုပ်မှုများ၊ မော်တော်ယာဉ်အရောင်းပြခန်းများကို ခွင့်ပြုဖွင့်လှစ်ပေးလျက်ရှိရာ ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့် မော်တော်ယာဉ်ဈေးနှုန်း ကျပ်သိန်းတစ်ထောင်ကျော်တန်ဖိုးသည် ပြင်ပတွင် ကျပ်သိန်းနှစ်ထောင်ကျော်၊ သုံးထောင်ကျော်အထိ ဈေးနှုန်းများကစားထားသည်ကိုတွေ့ရသဖြင့် စိစစ်အရေးယူဆောင်ရွက်သွားမည်ဟု သိရသည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှထုတ်ပေးထားသည့် တရားဝင်လိုင်စင်မရှိဘဲ နိုင်ငံခြား ငွေကြေးများဝယ်ယူခြင်း၊ ရောင်းချခြင်း၊ လဲလှယ်ခြင်းတို့ကိုဆောင်ရွက်ကြောင်း စစ်ဆေးတွေ့ရှိရပါက လည်းကောင်း၊ သတ်မှတ်ဈေးနှုန်းများဖြင့် ဝယ်ယူခြင်း၊ ရောင်းချခြင်း မပြုလုပ်ပါကလည်းကောင်း နိုင်ငံခြားငွေကြေးလဲလှယ်နှုန်း တည်ငြိမ်မှုကိုပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ကိုင်လျက်ရှိသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ရာ ငွေကြေးတန်ဖိုး မတည်ငြိမ်ပျက်ပြားအောင်ပြုလုပ်သူများကို ဝိုင်းဝန်းဖော်ထုတ်တိုက်ဖျက်ကြရမည်ဖြစ်ပါကြောင်း။ ။

မူရင်းသတင်း — Myanmar Digital News