Myanmar Digital News

စစ်ကိုင်းမြို့၌ ငွေကျပ် နှစ်ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၁ သိန်းကျော် သိမ်းဆည်းရမိ


နေပြည်တော် နိုဝင်ဘာ ၆ 

 

စစ်ကိုင်းမြို့တွင် ငွေကျပ် နှစ်ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၁ သိန်းကျော် သိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ 

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၃၁ ရက် နံနက် ၉ နာရီတွင် သတင်းအရ စစ်ကိုင်းမြို့ တကောင်းရပ်ကွက်အနီးတွင် မျိုးနိုင်ဝင်း (ခ) ကိုမျိုး မောင်းနှင်ပြီး မခင်မိမိစိုးနှင့် မထက်ထက်တို့နှစ်ဦး လိုက်ပါလာသော PAJERO အမျိုးအစား မော်တော်ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၁၁ ဒသမ ၃ သိန်း (၎င်းဒေသတန်ဖိုးငွေကျပ် ၂ ဒသမ ၂၆ ဘီလီယံ) အား သိမ်းဆည်းရမိသည်။
စစ်ဆေးပေါ်ပေါက်ချက်အရ ယင်းနေ့တွင် စိတ်ကြွဆေးပြားများ ပို့ဆောင်ပေးသူများဖြစ်သည့် စိုင်းမျိုးနိုင် (ခ) ကိုမိုးအား ကျောက်မဲမြို့ ရပ်ကွက် (၉) ရှိ နေအိမ်၌လည်းကောင်း၊ နိုဝင်ဘာ ၃ ရက်တွင် ကော့ကရိတ်မြို့ တံတားကျိုးကျေးရွာအနီး၌ ရဲကိုကိုဝင်းအား စိတ်ကြွဆေးပြားများ သယ်ဆောင်ရာတွင်အသုံးပြုသည့် AD VAN မော်တော်ယာဉ်တစ်စီးနှင့် လည်းကောင်း ဖမ်းဆီးရမိသည်။

 

ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများအား ရှမ်းပြည်နယ် (တောင်ပိုင်း) ကျေးသီးမြို့နယ် ဝမ်ဟိုင်းမှ စစ်ကိုင်းတိုင်းဒေသကြီး ကလေးသို့ သယ်ဆောင်ရောင်းဝယ်ရာတွင် အဓိကစီမံခန့်ခွဲသူမှာ ဝမ်ဟိုင်းရွာနေ ကိုလတ် (ခ) အားတီ (ဖမ်းဆီးရန်ကျန်) ဖြစ်ပြီး ၎င်း၏စီမံမှုဖြင့် ကျေးသီးမြို့နယ် ဝမ်ဟိုင်းမှ မန္တလေးသို့ စိုင်းမျိုးနိုင် (ခ) ကိုမိုးနှင့် ရဲကိုကိုဝင်းတို့မှ သယ်ဆောင်ပြီး မန္တလေးမှကလေးသို့ မျိုးနိုင်ဝင်း (ခ) ကိုမျိုးတို့မှ ဆက်လက်သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News