Myanmar Digital News

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော် နိုဝင်ဘာ ၆

 

မြန်မာနိုင်ငံတွင်မှီတင်းနေထိုင်ကြသော ဟိန္ဒူမျိုးနွယ်စုများ စုပေါင်းကျင်းပသည့် ဒီပါဝလီ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်သည်။

 

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့နှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ဒေါက်တာ ချောချောစိန်၊ ဒေါက်တာ မျိုးသိန်းကျော်၊ ဒေါက်တာ စိုးဝင်း၊ ဦးတင်ဦးလွင်၊ ဦးမျိုးသန့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဟိန္ဒူမျိုးနွယ်စုများ၊ ဟိန္ဒူရိုးရာ ယဉ်ကျေးမှုအဖွဲ့များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့အား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့်ဇနီးနှင့် တာဝန်ရှိသူများ၊ ဟိန္ဒူမျိုးနွယ်စုများမှ ကိုယ်စားလှယ်များက ရင်းနှီးနွေးထွေးစွာဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ဟိန္ဒူရိုးရာ ဒီပါဝလီအထိမ်းအမှတ် အခမ်းအနား မင်္ဂလာမုခ်ဦးကို နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ကိုကိုဦး၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Shri Abhay Thakur နှင့်တာဝန်ရှိသူများ၊ ဟိန္ဒူမျိုးနွယ်စုဝင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဟိန္ဒူရိုးရာ ကဘူးများမှုတ်ခြင်း၊ မိုးပျံပူဖောင်းများ လွှတ်တင်ခြင်းကို ဆောင်ရွက်ကြသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့အား ဟိန္ဒူရိုးရာ ဆီမီးနံ့သာဖြင့် ကြိုဆိုကြပြီး ဟိန္ဒူရိုးရာတစ်ခု ဖြစ်သည့် မွန်မြတ်ပြီးမင်္ဂလာရှိသော ဟိန္ဒူရိုးရာ Pur Kumbham (ပုရ်ဏကုမ္ဘမ်)ဖြင့် ဆုတောင်းကြိုဆို ဂါရဝပြုကြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတက ဒီပါဝလီအထိမ်းအမှတ် အခမ်းအနားကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်သည်။

 

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်ဇနီး၊ အဖွဲ့ဝင်များ၊ အခမ်းအနား တက်ရောက်လာကြသူများသည် ဟိန္ဒူမျိုးနွယ်စုများ၏ ရိုးရာအစားအသောက်ပြခန်းများအား ပြခန်းတစ်ခုချင်းစီအလိုက် လှည့်လည်ကြည့်ရှုကြသည်။

 

ဒီပါဝလီအထိမ်းအမှတ် ဆီမီးထွန်းညှိပေး

ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ပြဇာတ်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတနှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ဒီပါဝလီအထိမ်းအမှတ် ဆီမီးထွန်းညှိပေးကြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့အား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့်ဇနီး တို့က မင်္ဂလာဂုဏ်ပြုပဝါနှင့် မင်္ဂလာဂုဏ်ပြုပန်းကုံးကို ဂါရဝပြု ဆင်မြန်းပေးပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့ထံ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့်ဇနီး တို့က အမှတ်တရလက်ဆောင်ပစ္စည်းကို နေရာအရောက် ဂါရဝပြု ပေးအပ်ပြီး နိုင်ငံတော်သမ္မတနှင့် ဇနီးတို့က အမှတ်တရ လက်ဆောင်ပစ္စည်း ပြန်လည်ပေးအပ်သည်။

 

ဆက်လက်၍ နိုင်ငံတော်သမ္မတက ဟိန္ဒူရိုးရာ ဒီပါဝလီအထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် ချီးမြှင့်ခြင်းနှင့် ပတ်သက်၍ ပြောကြားရာတွင် ယနေ့ကျင်းပ ပြုလုပ်သည့် ဒီပါဝလီပွဲတော် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာကြပြီး ဒီပါဝလီပွဲတော်ကို ဆင်နွှဲကြသည့် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ဟိန္ဒူဘာသာဝင်များနှင့် ကမ္ဘာတစ်ဝန်းရှိ ဒီပါဝလီနေ့ကို ဆင်နွှဲကြသည့် မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း။

 

အဓိပ္ပာယ်ပြည့်ဝသည့် ပွဲတော်တစ်ခုဖြစ်

ယနေ့ကျင်းပသည့် ဒီပါဝလီပွဲတော်သည် ဟိန္ဒူဘာသာဝင်များ အထွတ်အမြတ် ထားသည့် ဘာသာရေးပွဲတော် တစ်ခုဖြစ်သကဲ့သို့ အလင်းရောင်က အမှောင်ကို အောင်နိုင်ခြင်း၊ ကောင်းမြတ်သည့်အရာက မကောင်းမှုကိုအနိုင်ယူခြင်းနှင့် အသိပညာက မသိနားမလည်မှုကို ဖယ်ရှားပေးခြင်းတို့ကို ကိုယ်စားပြုသည့် အဓိပ္ပာယ်ပြည့်ဝသည့် ပွဲတော်တစ်ခုလည်း ဖြစ်ပါကြောင်း။

 

ဒီပါဝလီဟူသည့် အမည်သည် ပါဠိဘာသာစကားဖြစ်သည့် “ဒီပ” နှင့် “အာဝလီ” ဟူသည့် စကားလုံး နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး ဆီမီးအလင်းရောင်များ တန်းစီလျက် အဆန်းတကြယ် အသွယ်သွယ် စီခြယ်ထွန်းညှိပူဇော်ခြင်းဟု အဓိပ္ပာယ်ရကြောင်း၊ ထို့ကြောင့် ဒီပါဝလီပွဲတော်ကို အလင်းရောင် ပွဲတော် (Festival of Lights) ဟုလည်း ခေါ်ဆိုကြသည်ဟု မှတ်သားမိကြောင်း။

 

ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီ ပွဲတော်ကျင်းပသည့်ကာလသည် မိမိတို့ ဗုဒ္ဓဘာသာဝင်များ၏ သီတင်းကျွတ်၊ တန်ဆောင်တိုင် မီးထွန်းပွဲတော်များကျင်းပသည့် ကာလလည်းဖြစ်သကဲ့သို့ အသွင်သဏ္ဌာန်ချင်းလည်း တူညီကြောင်း၊ ဗုဒ္ဓဘာသာဝင်များသည် သီတင်းကျွတ်ပွဲတော်တွင် အသက်အရွယ် ကြီးရင့်သူများအား ကန်တော့ခြင်း၊ ဆီမီးများထွန်းညှိခြင်းဖြင့် ပျော်ရွှင်စွာ ဆင်နွှဲကြသကဲ့သို့ ဟိန္ဒူဘာသာဝင်များကလည်း တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုဖြင့် မုန့်ချိုများကို ပျော်ရွှင်စွာ ဝေငှလှူဒါန်းကြသည့် ချစ်စရာဓလေ့ကို တွေ့မြင်နိုင်ကြောင်း။

 

ပွဲတော်တစ်ခုချင်းစီ၏ ဘာသာရေးဆိုင်ရာအနှစ်သာရနှင့် ထုံးတမ်းအစဉ်အလာများ မတူညီကြသော်လည်း အလင်းရောင်၊ မေတ္တာတရား၊ ကောင်းမြတ်သည့် စိတ်ထားနှင့် အချင်းချင်း ချစ်ခင်ရင်းနှီးစွာ နေထိုင်ရေးဟူသည့် လူမှုဘဝအတွက် အကျိုးရှိသည့် တန်ဖိုးများကို တွေ့မြင်နိုင်ကြောင်း။

 

မြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ဘာသာသာသနာပေါင်းစုံ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်း ပေါင်းစုံတို့ အတူတကွမှီတင်း နေထိုင်ကြသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း၊ မတူကွဲပြားသည့် လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှုအစဉ် အလာများကို အပြန်အလှန် နားလည်လေးစားပြီး ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်ခြင်းသည် နိုင်ငံတော်၏ လူမှုအသိုက်အဝန်း စည်းလုံးညီညွတ်ရေးနှင့် ရေရှည်တည်ငြိမ်အေးချမ်းရေးအတွက် အလွန်အရေးကြီးသည့် အခြေခံအုတ်မြစ်တစ်ရပ်ဖြစ်ကြောင်း။

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင်လည်း နိုင်ငံတော်အတွင်းရှိ ဘာသာရေးဆိုင်ရာ ယုံကြည်ကိုးကွယ်မှုများနှင့် စပ်လျဉ်းပြီး အသိအမှတ်ပြုမှု၊ ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ပြဋ္ဌာန်းချက်များ ပါဝင်ကြောင်း၊ အထူးသဖြင့် အခန်း (၈)၊ ပုဒ်မ ၃၆၂ မှာ “နိုင်ငံတော်သည် ခရစ်ယာန် ဘာသာ သာသနာ၊ အစ္စလာမ် ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ကိုးကွယ်ရာ ဘာသာ သာသနာများဟူ၍ အသိအမှတ်ပြုသည်” ဟု ပြဋ္ဌာန်းထားကြောင်း၊ ထို့ပြင် ပုဒ်မ ၃၆၃ တွင်လည်း “နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်” ဟုလည်း ထပ်မံပြဋ္ဌာန်းထားကြောင်း။

 

ပုဒ်မ ၃၄ နှင့် ပုဒ်မ ၃၅၄ တို့တွင်လည်း ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်နှင့် မိမိတို့ ယုံကြည် ကိုးကွယ်ရာ ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်တို့နှင့် သက်ဆိုင်သည့်ပြဋ္ဌာန်းချက်များ ပါဝင်ကြောင်း၊ ထို့ကြောင့် မိမိတို့ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားအလျောက် ဘာသာရေးပွဲတော်များကိုလည်း အနှစ်သာရရှိရှိ ကျင်းပဆောင်ရွက် သွားကြရန် လွန်စွာအရေးကြီးကြောင်းနှင့် နိုင်ငံတော်အနေဖြင့် အားပေးဂုဏ်ပြုပါကြောင်းကို ပြောကြားလိုကြောင်း။

 

ထိုကဲ့သို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဘာသာတရားအသီးသီး၏ ယုံကြည် ကိုးကွယ်မှု၊ ဘာသာရေးထုံးတမ်း အစဉ်အလာနှင့် ပွဲတော်များကို အပြန်အလှန် နားလည်လေးစား ခြင်းသည် လူမှုအသိုက်အဝန်းအတွင်း ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရာတွင် အရေးပါသည့် အခြေခံတန်ဖိုး တစ်ခုဖြစ်ကြောင်း။

 

မိမိတို့အားလုံးအနေဖြင့် မိမိတို့ ကိုးကွယ်ရာ ဘာသာတရား အသီးသီး၏ ကောင်းမြတ်သည့် သွန်သင်ဆုံးမမှုများကို လက်တွေ့ ဘဝတွင် ကျင့်သုံးကြရန်လိုအပ်ကြောင်း၊ ဒီပါဝလီပွဲတော်၏ အနှစ်သာရကိုလည်း အလေးထား စဉ်းစားစေလိုကြောင်း၊ ဆီမီး တစ်ခွက် ထွန်းညှိလိုက်ခြင်းသည် ပတ်ဝန်းကျင်တစ်ခုကို အလင်းရောင် ပေးနိုင်သကဲ့သို့ လူတစ်ဦးချင်းစီ၏ စိတ်နှလုံးထဲတွင် မေတ္တာ၊ စေတနာ၊ သနားကြင်နာမှုနှင့် အမှန်တရားကို လက်ကိုင် ထားနိုင်ခြင်းသည်လည်း မိမိတို့၏ မိသားစု၊ လူမှုအသိုက်အဝန်းနှင့် နိုင်ငံတော်အတွက် အလင်းရောင် တစ်ခုဖြစ်လာစေမည်ဖြစ်ကြောင်း။

 

ဒီပါဝလီပွဲတော်၏ အလင်းရောင်နှင့်အတူ မိမိတို့အားလုံး၏ စိတ်နှလုံးထဲတွင် ကောင်းမြတ်သည့် အတွေးအခေါ်များ၊ မေတ္တာတရားနှင့် ငြိမ်းချမ်းရေး စိတ်ဓာတ်များ ပိုမိုထွန်းလင်းတောက်ပ လာကြပါစေ၊ ဘာသာတရား အသီးသီးကို ကိုးကွယ်ယုံကြည်ကြ သူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်နားလည် လေးစားမှုများ ပိုမိုခိုင်မာလာပြီး တိုင်းရင်းသား ပြည်သူအားလုံး ငြိမ်းချမ်း သာယာဝပြောသည့် လူမှုအသိုက်အဝန်း တစ်ရပ်ကို အတူတကွ တည်ဆောက်နိုင်ကြပါစေ၊ မိမိတို့ မှီတင်းနေထိုင်ရာ မြန်မာနိုင်ငံနှင့် ပြည်သူများ၏ ကောင်းရာကောင်းကျိုး၊ ကြီးပွားရာ ကြီးပွားကြောင်းနှင့် တိုးတက်ရာ တိုးတက်ကြောင်းတို့ကို သစ္စာရှိရှိ တာဝန်သိသိဖြင့် စိတ်တူကိုယ်တူ ပူးပေါင်းဆောင်ရွက် နိုင်ကြပါစေရန် ဆန္ဒပြု ဆုမွန်ကောင်း တောင်းလိုက်ပါကြောင်းဖြင့် ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် ဒီပါဝလီအထိမ်းအမှတ်ပွဲတော် ကျင်းပရေး ဦးစီးကော်မတီနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ်ဥက္ကဋ္ဌတို့က အမှတ်တရစကားနှင့် ဆုတောင်းမေတ္တာပို့ ကျေးဇူးတင်စကားများ အသီးသီး ပြောကြားကြသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အခမ်းအနားတက်ရောက် လာကြသူများအား ဟိန္ဒူရိုးရာ ယဉ်ကျေးမှုအကအဖွဲ့၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်)မှယဉ်ကျေးမှုအဖွဲ့၊ အိန္ဒိယရိုးရာ ယဉ်ကျေးမှု အကအဖွဲ့တို့က ဟိန္ဒူလူမျိုးစုများ၏ ရိုးရာအကများ၊ တေးသီချင်းများ၊ တေးသရုပ်ဖော်အကအလှများ၊ ဟိန္ဒူရိုးရာယဉ်ကျေးမှုအက ပဒေသာများဖြင့် သီဆိုကပြဖျော်ဖြေ ကြသည်။ ဖျော်ဖြေမှုများအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် ဇနီးတို့သည် ယဉ်ကျေးမှုအဖွဲ့များအား အမှတ် တရဂုဏ်ပြုပန်းခြင်း ပေးအပ် ချီးမြှင့်ခဲ့ကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ဟိန္ဒူမျိုးနွယ်စုများ၊ ဟိန္ဒူရိုးရာ ယဉ်ကျေးမှုအဖွဲ့များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

 

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အခမ်းအနားတက်ရောက် လာကြသူများသည် ဒီပါဝလီ အထိမ်းအမှတ် အခမ်းအနား အထိမ်းအမှတ် ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

 

မူရင်းသတင်း — Myanmar Digital News