
မြန်မာနိုင်ငံအတွက် အာဆီယံ၏ ငြိမ်းချမ်းရေးအစီအစဉ်သည် အကောင်အထည်ဖော်ရန် ရှင်းလင်းပြတ်သားသော မဟာဗျူဟာ ကင်းမဲ့နေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟဆက် ဖူအန်ကက်ကောက နိုဝင်ဘာ ၅ ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပသည့် ညီလာခံတစ်ခု၌ ပြောကြားခဲ့သည်။
အာဆီယံ၏ မြန်မာ့အရေး ဆွေးနွေးပွဲများနှင့် ပတ်သက်ပြီး မိမိအနေဖြင့် အားမရသည့် အချက်တစ်ခုမှာ အဆိုပါ ဆွေးနွေးပွဲများသည် ၂၀၂၁ ခုနှစ်က စတင်ရေးဆွဲခဲ့သည့် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက် ငြိမ်းချမ်းရေး လမ်းစဉ်ကို ထပ်လောင်းအတည်ပြုခြင်းဖြင့် စတင်လေ့ရှိပြီး နောက်ဆုံးတွင် ဖြစ်ပေါ်နေသော အခြေအနေကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်ထံသို့သာ လွှဲအပ်ရင်း အဆုံးသတ်သွားကြခြင်းဖြစ်ကြောင်း သီဟဆက်က ၄၁ ကြိမ်မြောက် အာဆီယံ ဆွေးနွေးပွဲစကားဝိုင်း၌ တက်ရောက်လာသူများ၏ မေးခွန်းများကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန် ရာထူးသည် နှစ်စဉ် ပြောင်းလဲတာဝန်ယူရသည့် ရာထူးဖြစ်ပြီး၊ လက်ရှိတွင် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရိုက တာဝန်ယူထားသည်။
လာဇာရိုသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မစ်ရှင်၏ တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည်။ လာမည့်နှစ်အတွက် အထူးသံတမန်ကိုမူ စင်ကာပူနိုင်ငံက ခန့်အပ်တာဝန်ပေးမည် ဖြစ်သည်။
"ကျွန်တော်တို့က အထူးသံတမန်ကို သူလုပ်ချင်တာမှန်သမျှ လုပ်ဖို့ပဲ လွှဲထားလိုက်ကြတယ်။ ဘာလမ်းညွှန်ချက်မှ မပေးဘူး။ ပြီးရင် ကျွန်တော်တို့ အလုပ် ပြီးသွားပြီဆိုပြီး နောက်ထပ် အစည်းအဝေးတစ်ခု ထပ်လုပ်ကြပြန်တယ်" ဟု ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်လည်း ဖြစ်သည့် သီဟဆက် က ပြောကြားခဲ့သည်။
"ကျွန်တော်တို့ ဘာလုပ်ရမလဲဆိုတာ စဉ်းစားဖို့ လိုပါတယ်။ ပြီးခဲ့တဲ့ ထိပ်သီးအစည်းအဝေးမှာ အရေးကြီးတဲ့ အချက်တစ်ချက် ထွက်ပေါ်လာခဲ့တယ်။ ယင်းကတော့ သီးခြားခွဲထွက်နေတဲ့ မြန်မာနိုင်ငံဟာ ဒေသတွင်းအတွက် မကောင်းပါဘူး။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံကို ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုနယ်ပယ်တစ်ခု ဖြစ်မလာစေချင်ပါဘူး" ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံ၏ အခြေအနေအရ အာဆီယံ၏ ရေရှည်ကျင့်သုံးခဲ့သော ဝင်ရောက်စွက်ဖက်ခြင်းမပြုရေး မူဝါဒသည် အရေးယူဆောင်ရွက်မှု မရှိခြင်း သို့မဟုတ် အလေးမထားဘဲ လျစ်လျူရှုထားခြင်းမျိုး မဖြစ်သင့်ကြောင်း သတိပေးလိုက်ခြင်းဖြစ်သည်ဟု သီဟဆက် က ပြောကြားခဲ့သည်။
ထို့ကြောင့် အကျပ်အတည်းများ ကြုံတွေ့ရချိန်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ ကဏ္ဍကို ပိုမို အားကောင်းလာစေရန် အကြံပြုခဲ့ပြီး အာဆီယံဥက္ကဋ္ဌအနေဖြင့် အရေးပေါ် ဆွေးနွေးပွဲများ ခေါ်ယူနိုင်ခွင့်နှင့် အချိန်ကိုက် တုံ့ပြန်ဆောင်ရွက်နိုင်မည့် လက်တွေ့ကျသော ရွေးချယ်မှုများကို တင်ပြနိုင်ခွင့် ပြုသင့်ကြောင်း ပြောဆိုခဲ့သည်။
"ဝန်ကြီးတွေအနေနဲ့ အချိန်တိုအတွင်း ပေါင်းစည်းပြီး အရေးပေါ် ဖြစ်ပေါ်တိုးတက်မှုတွေကို တစ်ရက်အတွင်း ဖြေရှင်းဆောင်ရွက်နိုင်တဲ့ ဥရောပသမဂ္ဂရဲ့ ကျင့်သုံးမှုပုံစံကို ကျွန်တော်တို့ သင်ခန်းစာယူနိုင်ပါတယ်" ဟု ၎င်းက ဆိုသည်။
အာဆီယံအနေဖြင့်လည်း ထိုနည်းတူ ပိုမို လိုက်လျောညီထွေရှိသော အစီအစဉ်များကို ရှာဖွေဖော်ထုတ်သင့်ကြောင်း သီဟဆက်က ပြောကြားခဲ့သည်။
Ref: ANN