Eleven Media Group

အာဖဂန်ရှိ တာလီဘန် အာဏာပိုင်များကို အသိအမှတ်ပြုရန် ရည်ရွယ်ချက်မရှိကြောင်း ပြင်သစ်ပြောကြား

အာဖဂန်ရှိ တာလီဘန် အာဏာပိုင်များကို အသိအမှတ်ပြုရန် ရည်ရွယ်ချက်မရှိကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံအနေဖြင့် တရားမဝင် အာဖဂန် ရွှေ့ပြောင်းနေထိုင်သူများကို ပြန်လည်ပို့ဆောင်ရေး ဆွေးနွေးပွဲများ ပြုလုပ်နေသော်လည်း တာလီဘန်အာဏာပိုင်များကို အသိအမှတ်ပြုရန် ရည်ရွယ်ချက် မရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

"ပြင်သစ်နိုင်ငံဟာ တာလီဘန်တွေကို အသိအမှတ်မပြုသလို အသိအမှတ်ပြုဖို့လည်း ရည်ရွယ်ချက်မရှိပါဘူး။ အခုလို လုပ်ထုံးလုပ်နည်းအရ ဆွေးနွေးမှုဟာ တာလီဘန်အစိုးရအဖွဲ့ကို အသိအမှတ်ပြုတာမျိုး မဟုတ်ပါဘူး" ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ပြောရေးဆိုခွင့်ရှိသူ ပါစကယ် ကွန်ဖာဗရူးက ပြောကြားခဲ့သည်။

ပါရီမြို့ရှိ အာဖဂန် သံရုံး၌ တာလီဘန် ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိနေသည်ဟု ပြင်သစ်သတင်းစာများတွင် ဖော်ပြခဲ့မှုအပေါ် ၎င်းက ငြင်းဆိုခဲ့ပြီး ပါရီရှိ အာဖဂန် သံရုံးတွင် တာလီဘန် ကိုယ်စားလှယ်အဖွဲ့ မရှိကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။

အာဖဂန်နိုင်ငံသားများကို နေရပ်ပြန်ပို့ရေးကို လွယ်ကူချောမွေ့စေရန်အတွက် ပြင်သစ်နိုင်ငံသည် တာလီဘန်အစိုးရနှင့် ဆွေးနွေးမှုများ စတင်နေပြီဖြစ်ကြောင်း ပြင်သစ်သံတမန်ရေးရာ သတင်းမြစ်တစ်ခုကို ကိုးကား၍ အေအက်ဖ်ပီသတင်းဌာနက အောက်တိုဘာလဆန်းပိုင်းတွင် ပထမဆုံး ဖော်ပြခဲ့ခြင်းဖြစ်သည်။

ထိုသတင်းကို ပြည်ထဲရေးဝန်ကြီး လောရင့် နူနက်ဇ်ကလည်း နိုဝင်ဘာ ၂ ရက်တွင်အတည်ပြုခဲ့သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group