
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ကိုယ်စားလှယ် ကီရီးလ် ဒီမစ်ထရီယက်ဗ်နှင့် နိုဝင်ဘာ ၅ ရက်က သီးသန့်တွေ့ဆုံခဲ့ပြီးနောက် ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်တစ်ရပ် မကြာမီ ထွက်ပေါ်လာနိုင်ကြောင်း ပြောကြားလိုက်သည်။
ရုရှားကိုယ်စားလှယ် ဒီမစ်ထရီယက်ဗ်သည် အမေရိကန်သမ္မတကတော် မလာနီယာထရန့် စီစဉ်ကျင်းပသည့် အိမ်ဖြူတော်အခမ်းအနားသို့ ယူကရိန်းကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့ပြီးနောက် ဒေါ်နယ်ထရန့်နှင့် သီးသန့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ထရန့်က ဒီမစ်ထရီယက်ဗ်နှင့် တွေ့ဆုံစဉ် မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ ရုရှားနှင့် ယူကရိန်းတို့ကြား စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်ရရှိရန် နီးကပ်နေပြီဟုသာ ပြောကြားခဲ့သည်။ အမေရိကန်၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် ရုရှားနှင့် ယူကရိန်းတို့ကြား ဆွေးနွေးပွဲများကိုလည်း နိုဝင်ဘာ ၁၀ ရက်မှ ၁၁ ရက်အထိ အဘူဒါဘီမြို့တွင် ကျင်းပတော့မည်ဖြစ်သည်။
အိမ်ဖြူတော်တွင် သတင်းထောက်များနှင့်တွေ့စဉ် ထရန့်က စစ်ပွဲအဆုံးသတ်ရေး အလွန်နီးကပ်လာပြီဖြစ်ပြီး ယူကရိန်းတစ်နိုင်ငံတည်းသာမကဘဲ ဥရောပနိုင်ငံများအားလုံး ပါဝင်လာနိုင်သည့် သဘောတူညီချက်မျိုးဖြစ်ကြောင်း ပြောကြားခဲ့သည်။“ကြီးမားတဲ့ သဘောတူညီချက်တစ်ရပ် ဖြစ်လာမှာပါ။ ယူကရိန်းတင်မကဘဲ ဥရောပတစ်ခွင်လုံး ပါဝင်လာနိုင်တယ်လို့တောင် ပြောနိုင်ပါတယ်။ အားလုံးကျေနပ်ကြမယ့် သဘောတူညီချက် ဖြစ်လာမှာပါ” ဟု ထရန့်က ပြောသည်။
ယခုလတ်တလောအတွင်း ရုရှားထိန်းချုပ်ထားသည့် အိုလက်ရှ်ကီမြို့တွင် ခြောက်ရက်ကြာ အပစ်အခတ်ရပ်စဲရေး ရရှိခဲ့ခြင်းသည် အမေရိကန်သမ္မတကတော် မလာနီယာ၏ ကြားဝင်ညှိနှိုင်းပေးမှုကြောင့်ဖြစ်သည်။ ထို့ကြောင့်ထရန့်ကလည်း ဇနီးဖြစ်သူ၏ ကြိုးပမ်းချက်များကို ချီးကျူးခဲ့ပြီး “သူက ပညာရှင်တွေထက် ပိုကောင်းအောင် လုပ်နိုင်တယ်” ဟု အောက်တိုဘာတွင် ပြောခဲ့သည်။
ရုရှားသမ္မတရုံးက အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီ ရှုံးနိမ့်ခဲ့သော်လည်း ထရန့်အနေဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်ရန် ကြိုးပမ်းမှုများကို ဆက်လက်လုပ်ဆောင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားထားသည်။
Ref: Reuters