Myanmar Transparency News

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၇၅ အနီးတွင် မီးမပါဘဲ ယာဉ်ကြောပြောင်းပြန်စီးလာသည့် ဆိုင်ကယ်နှစ်စီး လမ်းကြောင်းမှန်အတိုင်းမောင်းလာသည့် အမည်မသိယာဉ်နှင့် တိုက်မိပြီး  တစ်ဦး သေဆုံး၊ သုံးဦး ထိခိုက်ဒဏ်ရာရ

၇.၁၁.၂၀၂၆
Written by NYL
 
ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၇၅ အနီးတွင် မီးမပါဘဲ ယာဉ်ကြောပြောင်းပြန်စီးလာသည့် ဆိုင်ကယ်နှစ်စီးသည် လမ်းကြောင်းမှန်အတိုင်းမောင်းလာသည့် အမည်မသိယာဉ်နှင့် တိုက်မိပြီး တစ်ဦးသေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိမှု နိုဝင်ဘာ ၇ ရက်၊ နံနက် ၁ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၏ ထုတ်ပြန်မှုအရ သိရသည်။
 
ယာဉ်တိုက်မှုဖြစ်စဉ်မှာ ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင် ၇၅/၄ (ရန်ကုန်မှနေပြည်တော်သို့) (အသွားလမ်း) တွင် မီးမပါဘဲ ယာဥ်​ကြော​ပြောင်းပြန်စီးနင်းလာ​သော မောင်းသူအပါ အမျိုးသားနှစ်ဦး လိုက်ပါလာသည့် 61W/93870 HONDA WAVE 110 အနက်ရောင်ဆိုင်ကယ်နှင့် ​မောင်းသူအပါ အမျိုးသား သုံးဦးလိုက်ပါလာသည့် 66W/30174 HONDA WAVE 110 အနက်ရောင်ဆိုင်ကယ်တို့သည် အခင်းဖြစ်မိုင်တိုင်အရောက်တွင် လမ်း​ကြောင်းမှန်အတိုင်း​မောင်းလာ​သော ယာဉ်အမျိုးအစား/ယာဉ်မောင်း/ယာဉ်အမှတ်(စုံစမ်းဆဲ)မှ တိုက်မိကာ‌ ထွက်​ပြေးသွားသောယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
 
ထိုယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်နှစ်စီးပေါ်ပါသူများအနက် တစ်ဦးသေဆုံးကာ သုံးဦးမှာ (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရအခြေအနေတွင်ရှိနေကြောင်း သိရသည်။
 
အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၏ ထုတ်ပြန်မှုအရ အမြန်လမ်း​ပေါ်တွင်​မောင်းနှင်ခွင့်မရှိသည့် ​မော်​တော်ဆိုင်ကယ်ကို စီးနင်းသည့်အပြင် လမ်း​ပြောင်းပြန်​မောင်း၍ယာဥ်တိုက်မှုဖြစ်​ပေါ်​စေ​သော ဆိုင်ကယ်​မောင်းသူများကို ဥပ​ဒေအရ အမှုဖွင့်အ​ရေးယူထားပြီး၊ ထွက်ပြေးတိမ်းရှောင်နေသောယာဉ်မောင်း (စုံစမ်းဆဲ)အား အမှုဖွင့်၍ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
 
အမြန်လမ်းမကြီးများ ဥပဒေ အခန်း (၇) ၊ ပုဒ်မ (၁၃) အရ “တည်ဆဲဥပဒေ တစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ အမြန်လမ်းမကြီးပေါ်တွင် မောင်းနှင်ခွင့်မပြုသည့် မော်တော်ယာဉ်၊ လှည်းနှင့် ဖြတ်သန်းသွားလာခွင့် မပြုသည့် အခြားယာဉ်များ မောင်းနှင်ခြင်း သို့မဟုတ် ရပ်နားခြင်း၊ လူ၊ တိရစ္ဆာန်များ ဖြတ်သန်းသွားလာခြင်းကြောင့် လူနှင့် ပစ္စည်းထိခိုက်မှု သို့မဟုတ် သေဆုံးမှုဖြစ်ပေါ်ပါက ဥပဒေနှင့်အညီ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာ၍ မောင်းနှင်သည့် မော်တော်ယာဉ်၏ ယာဉ်မောင်းတွင် တာဝန်မရှိစေရ” ဟုဖော်ပြထားသော်လည်း အမြန်လမ်းပေါ်တွင်ယာဥ်တိုက်မှုဖြစ်စဥ် ဖြစ်ပွားပါက အမြန်လမ်းမကြီးရဲတပ်ဖွဲ့၏ စစ်ဆေးမှုကိုခံယူအတည်ပြုရန် လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။
 
ထို့ပြင် လူ/ဆိုင်ကယ်/စက်ဘီး/ထော်လာဂျီ/လှည်းစသည်တို့ကိုတိုက်မိပါက ၎င်းအတိုက်ခံရသူများသည် အမြန်လမ်းမကြီးများဥပဒေကိုဖောက်ဖျက်သူ မှန်/မမှန်နှင့် ယာဥ်မောင်းသည် ဥပဒေနှင့်အညီ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာ၍မောင်းနှင်သူ ဟုတ်/မဟုတ်တို့ကို အမြန်လမ်းမကြီးရဲတပ်ဖွဲ့က စစ်ဆေးအတည်ပြုမည်ဖြစ်ကြောင်း၊ သို့မှသာ စည်းကမ်းလိုက်နာပါလျက် မတော်တဆယာဥ်တိုက်မှု ကျူးလွန်မိသူယာဥ်မောင်းမှာ အမြန်လမ်းမကြီးများဥပဒေ၏ အကာအကွယ်ကို ခံစားရမည်ဖြစ်ကြောင်း သိရသည်။  
 
သို့သော် ယာဥ်တိုက်မှုကို တိမ်းရှောင်ထွက်ပြေးပါက အမြန်လမ်းမကြီးများဥပဒေ၏ အကာအကွယ်ကို မရရှိတော့ဘဲ အခြားလမ်းများတွင်ဖြစ်ပွားသော ယာဥ်တိုက်မှုကဲ့သို့ ပြစ်မှုပြစ်ဒဏ်များ ကျခံရမည်ဖြစ်ကြောင်းကို အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က အထူးသတိပေးထုတ်ပြန်ထားသည်။

မူရင်းသတင်း — Myanmar Transparency News