
နေပြည်တော် နိုဝင်ဘာ ၆
ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ယမန်နေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ပို့ဆောင်ရေးဝန်ကြီးဌာန အောက်ရှိဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အမှတ် (၈၃) အဆန် DEMU ရထားဖြင့် လိုက်ပါစီးနင်းပြီး ရန်ကုန် - မော်လမြိုင်ရထား လမ်းပိုင်းတစ်လျှောက်ရှိ ရထားလမ်း၊ တံတားများကြံ့ခိုင်မှုနှင့် ဘူတာများသန့်ရှင်းသာယာမှုရှိစေရေး ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မော်လမြိုင်ဘူတာသို့ရောက်ရှိပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ကုန်းတွင်းဆိပ်တည်ဆောက်မည့် မြေနေရာနှင့် ပတ်သက်၍ တာဝန်ရှိသူများက ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး RBE ရထားဖြင့် ကုန်းတွင်းဆိပ်တည်ဆောက်မည့် မြေကွက်အမှတ် (၁) နှင့် (၂) သို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ ဖို့မြေပမာဏတွက်ချက်ရန်၊ အဝင်ကားလမ်းနှင့် ရထားလမ်းဖောက်လုပ်နိုင်ရေး ပြန်လည်စိစစ်တင်ပြရန် လမ်းညွှန်မှာကြားပြီး မော်လမြိုင်စက်ခေါင်းပြင်စက်ရုံအနီးရှိ ဝန်ထမ်းအိမ်ရာများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်တောင်ဘူတာ (မုပွန်မီးရထားဝင်း) သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး စက်ခေါင်းစက်ရုံအဟောင်းမှ စက်ပစ္စည်းများအား စက်ရုံသစ်သို့ အမြန်ဆုံးပြောင်းရွှေ့နိုင်ရေး ဆောင်ရွက်ရန်လမ်းညွှန်မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မော်လမြိုင်ကမ်းနားလမ်းရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးသို့ ရောက်ရှိရာ ဝန်ကြီးဌာနအောက်ရှိ ပြည်နယ်အဆင့်တာဝန်ရှိသူများက ဌာနဆိုင်ရာလုပ်ငန်းများ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားပြီး နိုင်ငံ့ဝန်ထမ်းပီသစွာ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရန်၊ ဌာနအချင်းချင်း ပူးပေါင်းညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ရန်၊ ဌာနရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ သန့်ရှင်းကောင်းမွန်ရေး အမြဲဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဆိပ်ကမ်းသာဗောတံတားမှ Pilot Boat ရေယာဉ်ဖြင့် သံလွင်တံတား (ချောင်းဆုံ) ၏ တံတားတိုင်ခြေ ရေတိုက်စားမှုအခြေအနေနှင့် ရေလမ်းကြောင်းအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ထိုမှတစ်ဆင့် မော်လမြိုင်လေဆိပ် သို့ရောက်ရှိရာ လေဆိပ်အတွင်း အရေးကြီးပုဂ္ဂိုလ် (VIP) နားနေဆောင်နှင့် ကားရပ်နားနေရာ တည်ဆောက်နေမှု၊ လေဆိပ်အဆောက်အအုံ အကြီးစားမွမ်းမံပြင်ဆင်ခြင်း၊ လေကြောင်းထိန်းမျှော်စင် အကြီးစားမွမ်းမံပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် လေဆိပ်မီးသတ်အဆောက်အအုံမှ လေယာဉ်ပြေးလမ်းသို့ မီးသတ်ကားအဝင် ကွန်ကရစ်လမ်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်