
ရန်ကုန် နိုဝင်ဘာ ၆
(၁၈) ကြိမ်မြောက် မြန်မာနိုင်ငံဓာတ်မှန်ပညာရှင်များညီလာခံ (18th Radiology Conference) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် Wyndham Grand ဟိုတယ် (ရန်ကုန်) ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့နှင့် မြန်မာနိုင်ငံဆရာဝန်အသင်းတို့မှ ဥက္ကဋ္ဌများ၊ ဆေးရုံအုပ်ကြီးများ၊ ဓာတ်မှန်ပညာရပ်ဆိုင်ရာ အငြိမ်းစားဆေးပညာရှင်ကြီးများ၊ နိုင်ငံတကာမှ ဖိတ်ကြားထားသည့် ဓာတ်မှန်ပညာရှင်များ၊ ဓာတ်မှန်ဌာနများမှ ပါမောက္ခ၊ ဌာနမှူးများ၊ အထူးကုဆရာဝန်များနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဓာတ်မှန်ပုံရိပ်ဖော်နည်းပညာများ (Imaging Technologies) သည် ယခုနှစ်များအတွင်း သိသာထင်ရှားစွာ တိုးတက်ပြောင်းလဲပြီး အဆင့်မြင့်တိုးတက်လျက်ရှိကြောင်း၊ ခေတ်မီဆန်းသစ်သော ဓာတ်မှန်နည်းပညာများဖြင့် ရောဂါများကို ပိုမိုစောစီးစွာနှင့် တိကျစွာရှာဖွေဖော်ထုတ်နိုင်လျက်ရှိသကဲ့သို့ ပုံရိပ်ဖော်လမ်းညွှန်မှုဖြင့် အကြီးစားခွဲစိတ်ရန်မလိုဘဲ လိုအပ်သောဆေးကုသမှုများ ဆောင်ရွက်နိုင်သည့် (Interventional Radiology) နည်းပညာ တိုးတက်လာမှုသည်လည်း လူနာများအတွက် ခွဲစိတ်ဒဏ်ရာ သေးငယ်စေခြင်း၊ ဆေးရုံတက်ရောက်ရသည့် ကာလလျော့နည်းစေခြင်းနှင့် လျင်မြန်စွာပြန်လည် ကျန်းမာလာစေခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း၊ ဓာတ်မှန်ပညာ၏ အနာဂတ်ကို ပုံဖော်ပေးနေသည့် ဉာဏ်ရည်တု (Artificial Intelligence-AI) နည်းပညာများ ကောင်းစွာအသုံးချနိုင်ရေးနှင့် ခေတ်ကာလနှင့်အညီ ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေး ဆေးဘက်ဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် ဆေးပညာရှင်များအကြား ပညာရပ်ဆိုင်ရာဖလှယ်မှုများကို မြှင့်တင်ရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။
နိုဝင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကျင်းပသည့် ညီလာခံတွင် မြန်မာနိုင်ငံမှ ဓာတ်မှန်ပညာရှင်များ၊ မျိုးဆက်သစ်ဆေးပညာရှင်များ၊ အာဆီယံ - အိုရှေးနီးယား ဓာတ်မှန်ဆေးပညာအသင်း (AOSR) ဥက္ကဋ္ဌအပါအဝင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကမ္ဘောဒီးယား၊ မွန်ဂိုလီးယား၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ အထူးဖိတ်ကြားထားသော အတွေ့အကြုံရင့် ဓာတ်မှန်ပညာရှင် ၁၂ ဦး တက်ရောက်ကာ ဓာတ်မှန်ပညာရပ်နယ်ပယ်၏ တိုးတက်ဖြစ်ထွန်းမှုများ၊ လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံများ၊ ရောဂါရှာဖွေစစ်ဆေးခြင်းနှင့် ကုသရေးကဏ္ဍတို့တွင် စွမ်းဆောင်နိုင်မှုများကို ဆွေးနွေးကြမည်ဖြစ်ပြီး သုတေသနစာတမ်းများ ဖတ်ကြားဆွေးနွေးခြင်းကို ဆောင်ရွက်ကြသည်။
ယခုကဲ့သို့ ဆေးပညာရပ်ဆိုင်ရာညီလာခံများကို ကျင်းပခြင်းဖြင့် နိုင်ငံတကာဆေးပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ဆေးပညာရှင်များအကြား အတွေ့အကြုံနှင့် သုတေသနဖလှယ်မှုများမှတစ်ဆင့် ဆေးပညာရှင်များ၏ စွမ်းရည်မြှင့်တင်နိုင်ပြီး ဓာတ်မှန်ပညာရပ်ဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုများ၏ အရည်အသွေးနှင့် ထိရောက်မှုကို ပိုမိုတိုးတက် ကောင်းမွန်စေနိုင်မည်ဖြစ်သည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ ဆေးသုတေသနဦးစီးဌာန၌ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့မှ နာယကများ၊ ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးလုပ်ငန်းများ၊ ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်များရှိ သင်ကြားရေးလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ကာ အရည်အသွေးပြည့်ဝပြီး လုံခြုံစိတ်ချရသော ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိစေရေးနှင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်