
တရုတ်နိုင်ငံ တိဘက်ဒေသ ဂါး (Gar) ကောင်တီမှာ တည်ဆောက်ထားတဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံရဲ့ ပထမဆုံးစက်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့မှာ လျှပ်စစ်မဟာဓာတ်အားလိုင်းနဲ့ စတင်ချိတ်ဆက်လိုက်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၁၄,၁၀၀ (မီတာ ၄,၃၀၀) အမြင့်မှာ တည်ဆောက်ထားတာဖြစ်ပြီး အဲဒီစက်ရုံဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတစ်ရုံ ဖြစ်လာပါတယ်။

စုစုပေါင်း မီဂါဝပ် ၅၀ ထုတ်လုပ်ပေးနိုင်မယ့် အဲဒီစက်ရုံရဲ့ အဓိကထူးခြားချက်ကတော့ ညဘက်မှာပါ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်တာပဲ ဖြစ်ပါတယ်။ နေရောင်ခြည်စွမ်းအင်ကို အသုံးပြုပြီး ဆားရည်ပူကို အပူပေးကာ အဲဒီအပူနဲ့ ရေနွေးငွေ့ထုတ်လုပ်ပြီး တာဘိုင်တွေကို လည်ပတ်စေတာကြောင့် နေဝင်သွားတဲ့အချိန်တွေမှာပါ လျှပ်စစ်ဓာတ်အားကို ဆက်လက်ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒီစီမံကိန်းကြီးမှာ မီဂါဝပ် ၁၀၀ ထွက်ရှိမယ့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားတွေလည်း ပါဝင်တဲ့အတွက် စုစုပေါင်း လျှပ်စစ်ဓာတ်အား မီဂါဝပ် ၁၅၀ အထိ ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ စက်ရုံတစ်ခုလုံး အပြည့်အဝ လည်ပတ်နိုင်ပြီဆိုရင် နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ သန်း ၂၇၀ ခန့် ထုတ်လုပ်ပေးနိုင်မှာဖြစ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု တန်ချိန် ၁၆၈,၂၀၀ ခန့်ကို နှစ်စဉ် လျှော့ချပေးနိုင်မယ်လို့ သိရပါတယ်။
Ref : Technology Innovation