
နေပြည်တော် နိုဝင်ဘာ ၇
ဒုတိယသမ္မတ ဦးညိုစောသည် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်တို့ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ပြီးစီးမှုအခြေအနေနှင့် လေးခန်းတွဲ လေးထပ်ဝန်ထမ်းအိမ်ရာသစ်များ ဆောက်လုပ်ပြီးစီးမှု၊ ဆောက်လုပ်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယသမ္မတသည် နေပြည်တော် သုခသိဒ္ဓိရပ်ကွက် အကွက်အမှတ်(၈-က)ရှိ စီမံကိန်းရှင်းလင်းဆောင်၌ ဝန်ထမ်းအိမ်ရာသစ်များ ဆောက်လုပ်ရေးနှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး နေပြည်တော်ရှိ နိုင်ငံ့ဝန်ထမ်းများသည် မန္တလေးငလျင်ကြီးဒဏ် စတင်ခံစားရသည့်အချိန်က နိုင်ငံ့ဝန်ထမ်းအိမ်ရာများ ပျက်စီးဆုံးရှုံးမှုများကြောင့် နေထိုင်ရေးအတွက် များစွာခက်ခဲခဲ့ပါကြောင်း၊ နိုင်ငံတော်သမ္မတက နိုင်ငံ့ဝန်ထမ်းများနေထိုင်ရေးအတွက် အဆောက်အဦများကို အသစ်ဆောက်လုပ်ခြင်း၊ ပြုပြင်မွမ်းမံခြင်းစသည်တို့ကို မူလကထက် ပိုမိုပြည့်စုံကောင်းမွန် အောင် စီစဉ်ဆောင်ရွက်ပေးရန်နှင့် အချိန်မီပြီးစီးအောင် လမ်းညွှန်မှာကြားထားပါကြောင်း၊ ထို့ကြောင့် အသစ်တည်ဆောက်သည့် ဝန်ထမ်းအိမ်ရာများနှင့် ပြန်လည်ပြုပြင်မည့် ဝန်ထမ်းအိမ်ရာများအားလုံးကို သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်ဝစွာဖြင့် အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ကြရန်မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်နှင့် နေပြည်တော် ကောင်စီဝင် ဦးခင်မောင်လတ်တို့က မန္တလေးငလျင်ကြီးဒဏ်ကြောင့် နေပြည်တော်ကောင်စီ၊ ခရိုင်နှင့်မြို့နယ် အလိုက် နိုင်ငံပိုင်ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦများ ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများ ကိုလည်းကောင်း၊ ပြန်လည်ပြုပြင်ပြီးစီးမှု၊ သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ပြန်လည်အပ်နှံနိုင်မှု၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ကျန်ရှိမှုအခြေအနေများကိုလည်းကောင်း၊ အလုံးစုံပြိုကျပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာများအစား အကွက်အမှတ်အလိုက် လေးခန်းတွဲလေးထပ် ဝန်ထမ်းအိမ်ရာသစ်များ တည်ဆောက်ပြီးစီးမှု၊ တည်ဆောက်ဆဲ လုပ်ငန်းများနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးမည့်အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယသမ္မတက တင်ပြချက်များအပေါ်ပြန်လည်သုံးသပ်ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ အကွက်အမှတ်(၈-က)ရှိ လေးခန်းတွဲလေးထပ်အမှုထမ်းအိမ်ရာများ ဆောက်လုပ်ပြီးစီးမှု၊ အခန်းဖွဲ့စည်းမှုနှင့် တိုက်အလိုက်ရေစုကန်နှင့် ရေမော်တာများတပ်ဆင်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ အကွက်အမှတ်(၃)ရှိ လေးခန်းတွဲလေးထပ်အရာထမ်းအိမ်ရာ ဆောက်လုပ် ပြီးစီးမှုနှင့် အခန်းဖွဲ့စည်းမှုအခြေအနေများကိုလည်းကောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဓနသိဒ္ဓိရပ်ကွက်ရှိ ခြောက်ခန်းတွဲလေးထပ် ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ပြီးစီးမှုအခြေအနေများနှင့် သက်ဆိုင်ရာဌာနမှ ဝန်ထမ်းများပြန်လည်နေထိုင်နေမှု အခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ဖြည့်စွက်ဆောင်ရွက်ပေးရန် လိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်