
နေပြည်တော် နိုဝင်ဘာ ၇
ဘားအံစက်မှုဇုန်မှထွက်ရှိသော ထုတ်ကုန်ပစ္စည်းများကို ပြည်တွင်းဈေးကွက် နေရာဒေသအနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ပြည်ပဈေးကွက်သို့ ဖြန့်ဖြူးရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ထုတ်ကုန်များကို သီလဝါအထူးစီးပွားရေးဇုန်ရှိ လုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်သွားရန်လိုကြောင်း၊ ဘားအံ စက်မှုဇုန်ရှိ စက်မှုစီးပွားဂရန်ချထားရန် ကျန်ရှိသော မြေကွက်များနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ယနေ့ မွန်းလွဲပိုင်းက ကရင်ပြည်နယ်ဘားအံမြို့ရှိ ဘားအံ စက်မှုဇုန်အစည်းအဝေးခန်းမ၌ ဘားအံစက်မှုဇုန်ရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် စက်မှုနှင့်အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက တည်ထောင်ပြီး စက်မှုဇုန်များကိုလည်း စနစ်တကျ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၊ ဒေသဆိုင်ရာကော်မတီနှင့် စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီများအားလုံးက အချိတ်အဆက်မိမိပူးပေါင်းဆောင်ရွက်ကြရန်နှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် အားလုံးလက်တွဲပြီး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ လုပ်ငန်းရှင်များကလည်း မိမိတို့၏ အခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြသွားကြရန်နှင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ် စက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌက အမှာစကား ပြောကြားပြီး အတွင်းရေးမှူးက ဘားအံစက်မှုဇုန်ဆိုင်ရာ ဆောင်ရွက်မည့်အချက်အလက်များ ရှင်းလင်း ပြောကြားကာ တက်ရောက်လာသည့် လုပ်ငန်းရှင်များက သိရှိလိုသည်များ မေးမြန်းခဲ့မှုအပေါ် ပြည်ထောင်စု ဝန်ကြီးက ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ကရင်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောမျိုးမြင့်နှင့် ကော်မတီဝင်များ၊ ကရင်ပြည်နယ်စက်မှုဇုန် ဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေး မှူးများ၊ စက်မှုဇုန်လုပ်ငန်းရှင်များ၊ အထွေထွေမန်နေဂျာများ၊ စက်ရုံမှူးများ၊ ကရင်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်