
ဘားအံ နိုဝင်ဘာ ၇
ကရင်တိုင်းရင်းသားလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် (၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံးရှေ့မြက်ခင်းပြင်၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးအောင်ကျော်ဟိုး၊ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ဦးသန်းမောင်၊ ဦးခင်မောင်စိုး၊ ဦးမျိုးဇော်သိမ်း၊ ဒေါက်တာချာလီသန်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့မှ လွှတ်တော်ဥက္ကဋ္ဌများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီး၊ ပြည်ထောင်စုအတိုင်ပင်ခံ ကောင်စီဝင်များ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ကရင်တိုင်းရင်းသား ရေးရာဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများတက်ရောက်ကြသည်။
ဦးစွာ သဘာပတိအဖွဲ့ဝင်များ နေရာယူကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြကာ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းတို့အား အလေးပြုကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ ဦးမင်းအောင်လှိုင်ထံမှ ၂၀၂၆ ခုနှစ် (၇၁) နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးနှင့်ပြခန်းများဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များက မုခ်ဦးနှင့် ပြခန်းများကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဒုတိယသမ္မတက (၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ်မုခ်ဦးကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ ငြိမ်းချမ်းရေးချိုးဖြူငှက် ၇၁ ကောင်ကို လွှတ်ပေးကြသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များက ဘင်ခရာ၊ ပန်းဖွားနှင့် ဒုံးအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး ကရင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထား သည့်ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနပြခန်း၌ ကျင်းပသည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြပြီး အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များက ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြပြီး ဆုရရှိကြသည့် တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ဘားအံမြို့ရှိ လှာကမြင်မိုးလုံ လေလုံအားကစားရုံ၌ ကျင်းပသည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ရိုးရာလက်ဝှေ့ပြိုင်ပွဲနှင့် KSLA ရွှေခါးပတ်ချန်ပီယံဗိုလ်လုပွဲသို့ သွားရောက်ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် ကန်သာယာရေပြင်၌ ကျင်းပသည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြပြီး အမျိုးသား/အမျိုးသမီးရိုးရာလှေလှော်ပြိုင်ပွဲ၏ ဗိုလ်လုပွဲ ပွဲစဉ်များကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များက အမျိုးသား/အမျိုးသမီး ရိုးရာလှေလှော်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ကြသည်။
ညပိုင်းတွင် ဘားအံမြို့သီရိကွင်း၌ ကျင်းပသည့် (၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာဒုံးအကပြိုင်ပွဲတွင် ယှဉ်ပြိုင်လျက်ရှိသော ပြိုင်ပွဲဝင်ဒုံးအကအဖွဲ့များ၏ ယှဉ်ပြိုင်ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။
သတင်းစဉ်