Myanmar Digital News

ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း ၂၀၂၆ ခုနှစ် အာဆီယံမီဒီယာမိတ်ဖက်များ ပူးပေါင်းဆောင်ရွက်မှု ရက်သတ္တပတ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော် နိုဝင်ဘာ ၇

၂၀၂၆ ခုနှစ် အာဆီယံမီဒီယာ မိတ်ဖက်များ ပူးပေါင်းဆောင်ရွက်မှု ရက်သတ္တပတ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့ ဝူရှန်းအပန်းဖြေဟိုတယ်ဧည့်ခန်းမဆောင်၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ China Media Group (CMG) မှ ဒုတိယဥက္ကဋ္ဌ Mr. Qi Zhuquan ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပါတီ ကော်မတီအမြဲတမ်းအဖွဲ့ဝင်၊ ပြန်ကြားရေးဌာနအကြီးအကဲ Ms. Chen Yijun နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့် လာအိုနိုင်ငံမှ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Vansy Kouamoua ၊ ကမ္ဘောဒီးယားနိုင်ငံမှ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Sambo Vannarith နှင့် ထိုင်းနိုင်ငံမီဒီယာဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ အမှုဆောင်အရာရှိချုပ် Dr. Dhana-korn Srisooksai တို့ တက်ရောက်ကြသည်။

 

အခမ်းအနား မစတင်မီ ပြည်ထောင်စုဝန်ကြီးသည် China Media Group (CMG) မှ ဒုတိယဥက္ကဋ္ဌ Mr. Qi Zhuquan ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ အာဆီယံနိုင်ငံများမှ ဒုတိယဝန်ကြီး များနှင့်တွေ့ဆုံပြီး မီဒီယာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များအား အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် China Media Group (CMG) မှ ဒုတိယဥက္ကဋ္ဌ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် အာဆီယံနိုင်ငံများမှ အကြီးအကဲများက အဖွင့်အမှာစကား ပြောကြားကြသည်။

 

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ မီဒီယာ အဖွဲ့အစည်းများသည် မိမိတို့၏ အတွေ့အကြုံ၊ အရင်းအမြစ်နှင့် နည်းပညာစွမ်းရည်များကို အပြန်အလှန်မျှဝေ ပေးခြင်းဖြင့် ဒေသတွင်း မီဒီယာကွန်ရက်များကို ပိုမိုခိုင်မာစေနိုင်မည်ဖြစ်ကြောင်း၊ ယင်းသို့ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်မှုများဖြင့် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ၏အသံကို နိုင်ငံတကာနယ်ပယ်၌ ပိုမိုထိရောက်စွာ ဖော်ထုတ်နိုင်ရန် အထောက်အကူပြုသကဲ့သို့ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့်အပြန်အလှန် နားလည်မှုများကိုလည်း အားပေးမြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ မိတ်ဖက်ဆက်ဆံရေးများ ပိုမိုခိုင်မာစေရန်၊ အသိပညာနှင့် နည်းပညာများကို အပြန်အလှန်မျှဝေရန်၊ ပူးတွဲထုတ်လုပ်မှုနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်ရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပါ ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ၂၀၂၆ ခုနှစ် အာဆီယံမီဒီယာမိတ်ဖက်များ ပူးပေါင်းဆောင်ရွက်မှု ရက်သတ္တပတ်ဖွင့်ပွဲအား အစီအစဉ် ၅ ရပ်ဖြင့် ကျင်းပခဲ့ကြသည်။

 

ဖွင့်ပွဲအခမ်းအနားပြီးနောက် အခမ်းအနားတက်ရောက်လာသည့် ကိုယ်စားလှယ်အဖွဲ့များသည် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence – AI) လက်တွေ့အသုံးချနိုင်ရေး၊ နည်းပညာဖလှယ်ရေးနှင့် စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်တည်ထောင်ထားသော ပူးပေါင်းဆောင်ရွက်ရေးစင်တာတစ်ခုဖြစ်သည့် တရုတ်-အာဆီယံ ဉာဏ်ရည်တု နည်းပညာ အက်ပလီကေးရှင်း ပူးပေါင်းဆောင်ရွက်ရေးစင်တာ (Nan-A Center)ကို သွားရောက်လေ့လာသည်။

 

အဆိုပါစင်တာသည် အာဆီယံနိုင်ငံများ၏ ဘာသာစကားများအတွက် AI ဘာသာစကား ဒေတာဘေ့စ်များ တည်ဆောက်ခြင်း၊ အာဆီယံနိုင်ငံများနှင့် AI နည်းပညာဆိုင်ရာ လေ့ကျင့်သင်ကြားမှုများပြုလုပ်ခြင်း၊ နိုင်ငံဖြတ်ကျော်ဒေတာဖလှယ်မှုနှင့် AI လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ခြင်းတို့ ပြုလုပ်လျက်ရှိပြီး လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင်လည်း ပထမဆုံးသော ပြည်ပစင်တာခွဲတစ်ခု တည်ထောင်ခြင်းဖြင့် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကွန်ရက်ကို တိုးချဲ့လျက်ရှိကြောင်း သိရသည်။

 

မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံ၏ ပထမဆုံးသော ပင်လယ်-ရထားလမ်း အလိုအလျောက် စနစ်သုံးစမတ်ဆိပ်ကမ်း (smart sea-rail automated terminal) နည်းပညာများကို အသုံးပြုထားသည့် ကွမ်ရှီးပေ့ပူပင်လယ်ကွေ့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအုပ်စုသို့ သွားရောက်လေ့လာသည်။

 

အဆိုပါ ဆိပ်ကမ်းသည် ချင်းကျိုးဆိပ်ကမ်း (Qinzhou Port)နှင့် ပေဟဲဆိပ်ကမ်း (Beihai Port)များ၏ ကုန်စည်ပို့ဆောင်ရေးစီမံခန့်ခွဲမှု၊ နိုင်ငံတကာနှင့်ကုန်သွယ်ရေးလမ်းကြောင်းများ ချိတ်ဆက်ထားရှိသည့် ဆိပ်ကမ်းအုပ်စုဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် ကွန်တိန်နာသယ်ယူပို့ဆောင်မှု ပမာဏ (TEUs) ၁၀ သန်းအထိ စံချိန်တင်ရောက်ရှိခဲ့သည့် ဆိပ်ကမ်းဖြစ်ကြောင်းသိရသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့် အာဆီယံနိုင်ငံများမှ ဒုတိယဝန်ကြီးများနှင့်အဖွဲ့သည် ယမန်နေ့က နန်နင်းမြို့ရှိရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (Belt and Road Initiative) တွင်ပါဝင်သည့် စီမံကိန်းတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ၏ အနောက်တောင်ပိုင်း ဒေသများနှင့် အာဆီယံနိုင်ငံများကို အချိန် တိုအတွင်းနှင့် စီးပွားရေးအရ အသက်သာဆုံး ကုန်သွယ်ဆောင်ရွက်နိုင်မည့် ရေလမ်းခရီးစဉ်သစ် အောင်မြင်စွာအကောင်အထည်ဖော်ပြီးစီးခဲ့သည့် ဖိန်လုတူးမြောင်း ပြတိုက်နှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

 

မူရင်းသတင်း — Myanmar Digital News