Myanmar Digital News

အပြန်အလှန် နားလည်လေးစား ချစ်ကြည်ရင်းနှီးစွာ ယှဉ်တွဲနေထိုင်

 

ကမ္ဘာပေါ်ရှိ ကိုးကွယ်ရာဘာသာတရားများ၏ အနှစ်သာရမှာ လူသားတို့အား ကိုယ်ကျင့်တရားကောင်းမွန်စေရန်၊ စိတ်ဓာတ်မြင့်မားလာစေရန်နှင့် ဘ၀၏ဆင်းရဲဒုက္ခများမှ လွတ်မြောက်ရာလမ်း သို့မဟုတ် ငြိမ်းချမ်းမှုကို ရှာဖွေတွေ့ရှိစေရန် ညွှန်ပြပေးခြင်းပင်ဖြစ်သည်။ ဘာသာတရားအားလုံးကလူသားများကို အကောင်းဆုံးသော လူသားတစ်ယောက်အဖြစ် ရှင်သန်နေထိုင်ရန်နှင့် လူ့အဖွဲ့အစည်းအကျိုးကိုသယ်ပိုးရန် အဓိကသွန်သင်ဆုံးမ ကြသည်။

 

ဘာသာအသီးသီးတွင် ကျင့်စဉ်နှင့် ယုံကြည်ချက်တို့ မတူကွဲပြားကြသော်လည်း ကိုယ်ကျင့်တရားနှင့်ပတ်သက်၍ သူတစ်ပါး၏ အသက်ကို မသတ်ရန်၊ သူ့ဥစ္စာကို ခိုးယူခြင်းမပြုရန်၊ လိမ်ညာခြင်းမပြုရန်၊ အိမ်ထောင်ရေး ဖောက်ပြန်မှုမလုပ်ရန်၊ ရိုးသားဖြောင့်မတ်ရန် သွန်သင်ဆုံးမကြရာတွင်လည်းကောင်း၊ လူအချင်းချင်းမေတ္တာ၊ ကရုဏာထားရှိရန်နှင့်ပတ်သက်၍ ရန်ငြိုးဖွဲ့ခြင်း၊ မနာလိုခြင်းနှင့် အမုန်းတရားများကိုစွန့်လွှတ်ပြီး လူသား အချင်းချင်းအပေါ် နားလည်ခွင့်လွှတ်မှု၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာထားရှိရန်၊ ဆင်းရဲဒုက္ခရောက်နေသူများ၊ နွမ်းပါးသူများနှင့် အကူအညီလိုအပ်နေသူများကို ပေးကမ်းစွန့်ကြဲရန်နှင့် ကူညီဖေးမရန် လမ်းညွှန်ရာတွင် လည်းကောင်း တူညီကြသည်။

 

ထို့အပြင် မိမိ၏ စိတ်အလိုရမ္မက်၊ ဒေါသနှင့်မာန်မာနများကို လျှော့ချကာ စိတ်ရှည်သည်းခံတတ်စေရန်နှင့် ရောင့်ရဲတင်းတိမ်တတ်စေရန်၊ ဆုတောင်းခြင်း၊ တရားဘာဝနာပွားများခြင်း စသည့် နည်းလမ်းများဖြင့် စိတ်ကို တည်ငြိမ်စေပြီး ဘဝအခက်အခဲများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် စိတ်ဓာတ်ခွန်အားများကိုလည်း ဘာသာတရား တို့က လူသားတို့အား တူညီစွာပေးကြသည်။ သို့ဖြစ်ရာ ဘာသာတရားများကြားတွင် အပေါ်ယံမတူကွဲပြားမှုတို့ကို အကြောင်းပြု၍ လူ့အဖွဲ့အစည်းအတွင်း ဆန့်ကျင်မှု၊ ခြားနားမှုမှသည် ဝိရောဓိများ၊ ပဋိပက္ခများမဖြစ်စေဘဲ အပြန်အလှန်နားလည်လေးစားမှုဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြဖို့လိုသည်။

 

“မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာသာသနာပေါင်းစုံ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းပေါင်းစုံတို့ အတူတကွ မှီတင်းနေထိုင်ကြသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ မတူကွဲပြားသည့် လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု အစဉ်အလာများကို အပြန်အလှန်နားလည်လေးစားပြီး ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်ခြင်းသည် နိုင်ငံတော်၏ လူမှုအသိုက်အဝန်း စည်းလုံးညီညွတ်ရေးနှင့် ရေရှည်တည်ငြိမ်အေးချမ်းရေးအတွက် အလွန်အရေး ကြီးသည့် အခြေခံအုတ်မြစ်တစ်ရပ်ဖြစ်ကြောင်း” နို၀င်ဘာ ၆ ရက်က ကျင်းပသည့် မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော ဟိန္ဒူမျိုးနွယ်စုများ စုပေါင်းကျင်းပသည့် ဒီပါဝလီ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

 

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၏ အခန်း (၈)၊ ပုဒ်မ ၃၆၂ တွင် “နိုင်ငံတော်သည် ခရစ်ယာန် ဘာသာသာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူဘာသာသာသနာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ကိုးကွယ်ရာဘာသာသာသနာများဟူ၍ အသိအမှတ်ပြုသည်” ဟု ပြဋ္ဌာန်းထားပြီး ပုဒ်မ ၃၆၃ တွင် “နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်” ဟု ပြဋ္ဌာန်းထားသည်။ နိုင်ငံသူနိုင်ငံသားတို့၏ ယုံကြည်ကိုးကွယ်မှုကို လွတ်လပ်စွာခွင့်ပြုထားသည်နှင့်အညီ မိမိတို့၏ မြန်မာ့လူ့ဘောင် အဖွဲ့အစည်း ဥမကွဲသိုက်မပျက် တည်တံ့ခိုင်မြဲရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဘာသာသာသနာတို့၏ အဆုံးအမနှင့်အညီ နေထိုင်ကြရန်လိုသည်။

 

ယခုအခါ မိမိတို့ မြန်မာ့လူ့အဖွဲ့အစည်းကို တည်ငြိမ်အေးချမ်းမှုကင်းမဲ့စေရန်၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ ကိုးကွယ်သည့်ဘာသာ တရားတစ်ခုနှင့်တစ်ခုတို့ကြားတွင် မုန်းတီးမှုများ၊ တင်းမာမှုများ၊ ပဋိပက္ခများဖြစ်လာစေရန် မသမာသူများက အဖျက်အမှောင့် နည်းအမျိုးမျိုးဖြင့် သွေးထိုးလှုံ့ဆော်နေကြသည်များကို နေ့စဉ်ဆိုသလို တွေ့မြင်နိုင်သည်။ အထူးသဖြင့် လူမှုကွန်ရက်များတွင် အများအပြားတွေ့ရှိနိုင်ရာ ဘာသာရေးကိုအကြောင်းပြု၍ မုန်းတီးမှုများဖြစ်ပေါ် မလာစေရန် သတိပြုရှောင်ရှားကြရမည် ဖြစ်သည်။

 

ကိုးကွယ်ရာဘာသာတရားအသီးသီးတို့က လူသားတို့အား “မကောင်းမှုဟူသမျှကို မပြုလုပ်ရန်၊ ကောင်းမှု ဟူသမျှကို ပြုလုပ်ကြရန်၊ မိမိတို့၏စိတ်နှလုံးကို ဖြူစင်သန့်ရှင်းအောင် ဆောက်တည်ကြရန်” ဆုံးမသွန်သင်ထား ကြခြင်းဖြစ်ရာ မိမိတို့ယုံကြည်ကိုးကွယ်ရာ ဘာသာသာသနာတို့၏ အဆုံးအမနှင့်အညီ လူ့ဘောင်လောက၏ ပျက်စီးရာပျက်စီးကြောင်းတို့ကို ရှောင်ကြဉ်ကြကာ လူ့ဘောင်လောက ကောင်းရာကောင်းကျိုးအတွက် ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးသော အပြုအမူတို့ဖြင့် သယ်ပိုးထမ်းရွက်ကြရပါမည့်အကြောင်း။     ။

(မြန်မာ့အလင်း)

 

မူရင်းသတင်း — Myanmar Digital News