Myanmar National Post

ဒီမိုဂရပ်ဖစ် သီအိုရီ နှင့် မြန်မာ့ အိုင်ဒန်တီတီ



လူဦးရေ၏ အရေအတွက်၊ ဖွဲ့စည်းပုံ၊ အသက်အရွယ်အလိုက် အချိုးအစား၊ မွေးဖွားနှုန်း၊ သေဆုံးနှုန်းနှင့် ရွှေ့ပြောင်းနေထိုင်မှုတို့ကို လေ့လာသည့် ပညာရပ်ကို ဒီမိုဂရပ်ဖစ် (Demography) ဟုခေါ်သည်။

ဒီမိုဂရပ်ဖစ်သည် လူဦးရေစာရင်းကောက်ယူခြင်းမျှသာ မဟုတ်ပါ။ လူမျိုးတစ်မျိုး၏ ရေရှည်တည်တံ့မှု၊ လူမှုဖွဲ့စည်းပုံပြောင်းလဲမှု၊ ယဉ်ကျေးမှုနှင့် ဘာသာစကားတို့၏ ရှင်သန်မှုအပေါ် သက်ရောက်မှုရှိသည့် အရေးကြီးသော အချက်အလက်များကိုလည်း လေ့လာသည့် သီအိုရီတစ်ခုဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ နယ်မြေတည်ရှိမှုနှင့် အမျိုးသားအမှတ်သညာ (National Identity) တည်ရှိမှုတို့သည် အမြဲတမ်းတူညီနေမည် မဟုတ်ပါ။ လူဦးရေဖွဲ့စည်းပုံ၊ လူမျိုးဘာသာရောနှောမှုနှင့် မျိုးဆက်အလိုက် လူမှုအပြောင်းအလဲများက အမျိုးသားအမှတ်သညာအပေါ် အချိန်နှင့်အမျှ သက်ရောက်လာနိုင်သည်။

ထို့ကြောင့် မြန်မာ့အိုင်ဒန်တီတီ ရေရှည်ကျန်ရစ်တည်တံ့နိုင်ရန် မည်သည့်အချက်များကို ထည့်သွင်းစဉ်းစားရမည်နည်း။ အနာဂတ်မျိုးဆက်များတွင် မြန်မာ့အိုင်ဒန်တီတီ ဆက်လက်ရှင်သန်နေစေရန် ကျွန်ုပ်တို့သည် မည်သည့်လူမျိုး၊ မည်သည့်ဘာသာများနှင့် မည်သို့ရောနှောနေထိုင်ကြမည်နည်း။


လူမျိုးရေးစည်းနှောင်မှုနှင့် ဘာသာရေးစည်းနှောင်မှု ခိုင်မြဲမှု မတူညီခြင်း

ဒီမိုဂရပ်ဖစ်သီအိုရီအရ လူအုပ်စုကြီးများ၏ ရွေ့လျားပြောင်းလဲမှုကို တွက်ချက်သုံးသပ်ရာတွင် အုပ်စုတစ်ခုချင်းစီ၏ စည်းနှောင်မှုခိုင်မြဲပုံကိုလည်း ထည့်သွင်းစဉ်းစားရမည်။

လူမျိုးရေးအခြေခံဖြင့် ဖွဲ့စည်းထားသော လူအုပ်စုကြီးများ၏ စည်းနှောင်မှုသည် နယ်မြေ၊ ဘာသာစကားနှင့် မျိုးနွယ်စုအလိုက် ကွဲပြားနိုင်သဖြင့် ခိုင်မြဲမှုအားနည်းတတ်သည်။ သို့သော် ဘာသာရေးနှင့် ယဉ်ကျေးမှု တူညီနီးစပ်မှုအပေါ် အခြေခံသော လူအုပ်စုကြီးများ၏ စည်းနှောင်မှုမှာ ပိုမိုကျယ်ပြန့်နိုင်သည်။

အထူးသဖြင့် ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ စည်းနှောင်မှုများသည် နိုင်ငံနယ်နိမိတ်ကို ကျော်လွန်၍ တည်ရှိနိုင်ပြီး မတူညီသော လူမျိုးများအကြားတွင်ပင် ခိုင်မာသော ဆက်နွှယ်မှုကို ဖြစ်ပေါ်စေနိုင်ကြောင်း မြင်တွေ့ရမည်။


ဘာသာရေးနှင့် ယဉ်ကျေးမှုအုပ်စုကြီး သုံးစု

ကမ္ဘာ့လူမှုအဖွဲ့အစည်းများကို ဒီမိုဂရပ်ဖစ်ရှုထောင့်မှ လေ့လာရာတွင် ဘာသာရေးနှင့် ယဉ်ကျေးမှု စည်းနှောင်မှုအပေါ် အခြေခံ၍ အုပ်စုကြီး သုံးစုအဖြစ် ခွဲခြားလေ့လာနိုင်သည်ဟု ကျွန်ုပ်ယူဆသည်။

ပထမအုပ်စုမှာ ဂျူးဘာသာနှင့် ခရစ်ယာန်ဘာသာတို့၏ ယဉ်ကျေးမှုနောက်ခံနှင့် ဆက်နွှယ်သော အုပ်စုဖြစ်သည်။

ဒုတိယအုပ်စုမှာ အစ္စလာမ်ဘာသာဝင်များဖြစ်သည့် စွန်နီနှင့် ရှီးယိုက်တို့ ပါဝင်သော အုပ်စုဖြစ်သည်။

တတိယအုပ်စုမှာ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာတို့၏ ယဉ်ကျေးမှုနယ်ပယ်ဖြစ်ပြီး ထေရဝါဒ၊ မဟာယာန၊ ဇင်ဗုဒ္ဓဘာသာ၊ တိဘက်ဗုဒ္ဓဘာသာနှင့် ကွန်ဖြူးရှပ်အတွေးအခေါ်တို့ကိုလည်း ယဉ်ကျေးမှုအရ နီးစပ်သည့် အုပ်စုအဖြစ် ထည့်သွင်းစဉ်းစားနိုင်သည်။

ဤအုပ်စုခွဲခြားမှုသည် ဘာသာရေးအယူဝါဒအားလုံး တစ်ထပ်တည်းဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ ယဉ်ကျေးမှုနှင့် လူမှုစည်းနှောင်မှုတို့၏ ဆက်နွှယ်ပုံကို လေ့လာရန် ရည်ရွယ်ခြင်းဖြစ်သည်။

ဤသို့ အုပ်စုတစ်စုတည်းအတွင်း ပါဝင်သည့် လူမျိုးများနှင့် ဘာသာဝင်များသည် ယဉ်ကျေးမှု၊ ဓလေ့ထုံးစံနှင့် လူမှုတန်ဖိုးများကို အပြန်အလှန် ရောနှောပေါင်းစပ်နိုင်ကြသည်။ ထိုသို့သော ယဉ်ကျေးမှုရောနှောမှုသည် နိုင်ငံနယ်နိမိတ်ထက် ကျော်လွန်သည့် လူမှုစည်းနှောင်မှုကို ဖြစ်ပေါ်စေနိုင်သည်။

ထို့ကြောင့် လူမျိုးတစ်မျိုးတည်းဖြစ်ခြင်းနှင့် ယဉ်ကျေးမှုအုပ်စုတစ်ခုတည်းအတွင်း ပါဝင်ခြင်းတို့ကို ဒီမိုဂရပ်ဖစ်ရှုထောင့်မှ သီးခြားခွဲခြားစဉ်းစားရန် လိုအပ်သည်။


ဂလိုဘယ်လိုက်ဇေးရှင်းနှင့် နိုင်ငံနယ်နိမိတ် ကျိုးပြတ်ခြင်း

ဂလိုဘယ်လိုက်ဇေးရှင်း (Globalization) ခေတ်တွင် လူသားများ၏ ဆက်သွယ်သွားလာမှု၊ သတင်းအချက်အလက်ဖလှယ်မှုနှင့် စီးပွားရေးကူးလူးဆက်ဆံမှုတို့သည် နိုင်ငံနယ်နိမိတ်များကို ကျော်လွန်လာကြသည်။ ထိုအပြောင်းအလဲများအနက် ဘာသာရေးစည်းနှောင်မှုသည်လည်း နိုင်ငံတစ်နိုင်ငံ၏ နယ်နိမိတ်အတွင်း၌သာ ရပ်တန့်မနေတော့ပေ။

ယခင်က လူတစ်ဦး၏ လူမျိုးရေး၊ နိုင်ငံသားဖြစ်မှုနှင့် ယဉ်ကျေးမှုတို့သည် အဓိကအမှတ်သညာများဖြစ်ခဲ့သော်လည်း ယနေ့ခေတ်တွင် ဘာသာရေးအခြေခံသည့် နိုင်ငံတကာဆက်နွှယ်မှုများ ပိုမိုမြင်သာလာသည်။ နိုင်ငံတစ်နိုင်ငံအတွင်း နေထိုင်သူများပင် နိုင်ငံသားဖြစ်မှုတူညီသော်လည်း ဘာသာရေးအလိုက် လူမှုအုပ်စုများ ကွဲပြားလာနိုင်သကဲ့သို့ နိုင်ငံမတူ၊ လူမျိုးမတူသူများသည် ဘာသာရေးတူညီမှုကြောင့် ပိုမိုနီးစပ်သော လူမှုကွန်ရက်များ ဖွဲ့စည်းလာနိုင်ကြသည်။

မြန်မာ့ပြည်တွင်းပဋိပက္ခထဲက ရခိုင်ဒေသအခြေအနေကို နမူနာကြည့်နိုင်သည်။ ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှစ၍ ရခိုင်ပြည်နယ်တွင် AA နှင့် တပ်မတော် တို့၏ တိုက်ပွဲများအတွင်း ဘင်္ဂလီအစ္စလာမ်လူထုလည်း ပဋိပက္ခ၏ သက်ရောက်မှုကို ခံစားခဲ့ရသည်။ တစ်ဖက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများ၌ အခြေစိုက်သော လက်နက်ကိုင်အဖွဲ့အချို့သည် ဘာသာရေးအသုံးအနှုန်းများဖြင့် လူသစ်စုဆောင်းပြီး ရခိုင်ဒေသအတွင်း ပြန်လည်တိုက်ခိုက်ရန် စည်းရုံးလာကြောင်း International Crisis Group ၏ ၂၀၂၅ ခုနှစ် အစီရင်ခံစာက ဖော်ပြထားသည်။ 

ဤဖြစ်စဉ်တွင် မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခတစ်ခုသည် နယ်စပ်တစ်ဖက်ရှိ ဒုက္ခသည်အသိုင်းအဝိုင်း၊ ဘာသာရေးအမှတ်သညာနှင့် နိုင်ငံဖြတ်ကျော် လူမှုကွန်ရက်များအထိ ဆက်နွှယ်သွားနိုင်ကြောင်း တွေ့ရသည်။  အစ္စလာမ်းမစ်လက်နက်ကိုင်အဖွဲ့အချို့၏ လှုပ်ရှားမှုဖြစ်ကြောင်း မြင်ရန်လိုသည်။

ထို့ကြောင့် ယနေ့ခေတ် လူဦးရေနှင့် လူမှုအုပ်စုများ၏ အင်အားချိန်ခွင်လျှာကို လေ့လာရာတွင် နိုင်ငံနယ်နိမိတ်အတွင်းရှိ လူဦးရေစာရင်းတစ်ခုတည်းကိုသာ ကြည့်၍မရတော့ဘဲ နယ်စပ်ကျော် ဘာသာရေးနှင့် ယဉ်ကျေးမှုစည်းနှောင်မှုများကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်လာသည်။


ဘာသာတူရာ သင့်လျော်အုပ်စုကို ရှုမြင်ခြင်း

မြန်မာဟု ကမ္ဘာက ကြည့်လျှင် ဘာကို မြင်ရမည်နည်း။ 

မြန်မာနိုင်ငံ၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုနှင့် လူမှုဘဝကို ကြည့်လျှင် ဗုဒ္ဓသာသနာနှင့် နှီးနွှယ်သော ယဉ်ကျေးမှု၊ သာသနိကအဆောက်အအုံများနှင့် ထေရဝါဒသာသနာကို အထင်ရှားဆုံး မြင်တွေ့ရမည်။

ရွှေတိဂုံစေတီ၊ ပုဂံဘုရားပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သာသနိကအဆောက်အအုံများနှင့် မြန်မာ့ရိုးရာပွဲတော်များသည် မြန်မာ့ယဉ်ကျေးမှုအမှတ်သညာကို ဖော်ပြနေကြသည်။

ကမ္ဘာ့ယဉ်ကျေးမှုအုပ်စုကြီး သုံးစုအနက် မြန်မာနိုင်ငံသည် တတိယအုပ်စုဖြစ်သော ဗုဒ္ဓဘာသာနှင့် ဟိန္ဒူယဉ်ကျေးမှုနယ်ပယ်နှင့် ပိုမိုနီးစပ်သည်။ ထိုအုပ်စုအတွင်း ပါဝင်သော ယဉ်ကျေးမှုအစဉ်အလာများကို ရေတွက်ကြည့်လျှင် -

၁။ ဟိန္ဒူဘာသာ

၂။ ဗုဒ္ဓဘာသာ

၃။ ထေရဝါဒဗုဒ္ဓဘာသာ

၄။ မဟာယာနဗုဒ္ဓဘာသာ

၅။ ဇင်ဗုဒ္ဓဘာသာ

၆။ တိဘက်ဗုဒ္ဓဘာသာနှင့် လူဝင်စားဆရာတော်အစဉ်အလာ

၇။ ကွန်ဖြူးရှပ်အတွေးအခေါ်နှင့် ယဉ်ကျေးမှုအစဉ်အလာတို့ကို တွေ့ရမည်။

ဤအုပ်စုအတွင်းရှိ ဘာသာရေးနှင့် ယဉ်ကျေးမှုများသည် အယူဝါဒအားလုံး တူညီခြင်းမရှိသော်လည်း သမိုင်းကြောင်း၊ အတွေးအခေါ်နှင့် ယဉ်ကျေးမှုဆိုင်ရာ အပြန်အလှန်သက်ရောက်မှုများ ရှိခဲ့ကြသည်။

မြန်မာနိုင်ငံအနေဖြင့် ထိုအုပ်စုအတွင်း ထေရဝါဒဗုဒ္ဓသာသနာကို အဓိကအခြေခံသည့် ယဉ်ကျေးမှုအမှတ်သညာကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် မြန်မာ့အိုင်ဒန်တီတီကို ရေရှည်တည်တံ့စေရန် လူမျိုးအမည်တစ်ခုတည်းကိုသာ အခြေခံ၍မရဘဲ ထေရဝါဒသာသနာနှင့် ဆက်နွှယ်နေသော ယဉ်ကျေးမှု၊ ဘာသာစကား၊ စာပေ၊ ဓလေ့ထုံးစံနှင့် သာသနိကအမွေအနှစ်များကို မျိုးဆက်အလိုက် လက်ဆင့်ကမ်းထိန်းသိမ်းရန် လိုအပ်သည်။

ဒီမိုဂရပ်ဖစ်သီအိုရီအရ လူဦးရေ၏ ရေရှည်တည်ရှိမှုကို တွက်ချက်သည့်အခါ လူဦးရေအရေအတွက်နှင့် လူမျိုးစုဖွဲ့စည်းပုံသာမက ယဉ်ကျေးမှုစည်းနှောင်မှုနှင့် မျိုးဆက်အလိုက် အမှတ်သညာလက်ဆင့်ကမ်းနိုင်မှုကိုပါ ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။

ထို့ကြောင့် မြန်မာ့အိုင်ဒန်တီတီ ကျန်ရစ်ရေးဆိုသည်မှာ လူမျိုးတစ်မျိုး၏ အမည်ကျန်ရစ်ရေးမျှသာမဟုတ်ဘဲ မြန်မာ့သမိုင်းနှင့် ယဉ်ကျေးမှုကို ဖော်ဆောင်ပေးခဲ့သော ထေရဝါဒသာသနာအခြေခံ ယဉ်ကျေးမှုအမွေအနှစ်များ ဆက်လက်ရှင်သန်ရေးလည်း ဖြစ်သည်။


ဆွဲငင်ခြင်းနှင့် ဟန့်တားခြင်း

ယနေ့မြန်မာ့အခြေအနေကို ရေရှည်အမျိုးသားရေးရှုထောင့်မှ ကြည့်မည်ဆိုလျှင် မိမိတို့နှင့် ဘာသာရေး၊ ယဉ်ကျေးမှု၊ သမိုင်းကြောင်းနှင့် လူမှုဓလေ့ထုံးစံများအရ နှီးနွှယ်ဆက်စပ်နေသော တတိယအုပ်စုကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်လာသည်။

ထိုအုပ်စုများကို လူဦးရေအရ ရေတွက်သတ်မှတ်ခြင်း၊ ၎င်းတို့၏ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်နွှယ်မှုများကို လေ့လာခြင်းတို့မှတစ်ဆင့် မိမိတို့နှင့် နီးစပ်သော ယဉ်ကျေးမှုအုပ်စုများကို အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုနှင့် အကျိုးတူပူးပေါင်းမှုများဖြင့် ဆွဲငင်နိုင်ရန် ကြိုးပမ်းသင့်သည်။

ဤသို့ ဆွဲငင်ခြင်းသည် ခဏတာနိုင်ငံရေးအကျိုးအမြတ်အတွက် လုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် တည်တံ့နိုင်မည့် ရေရှည်အမျိုးသားရေး လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ရှုမြင်ရမည်ဖြစ်သည်။ အမျိုးသားရေးဆိုသည်မှာ မိမိတို့အုပ်စုအတွင်း၌သာ စည်းလုံးညီညွတ်မှု တည်ဆောက်ခြင်းမဟုတ်ဘဲ မိမိတို့နှင့် ဆက်စပ်နီးစပ်နေသော လူမှုအသိုက်အဝန်းများကိုပါ နားလည်မှုဖြင့် ပေါင်းစည်းနိုင်ခြင်းလည်း ဖြစ်သည်။

တစ်ဖက်တွင် ဆွဲငင်ရမည့်အရာများကိုသာ စဉ်းစားနေ၍ မလုံလောက်သေးပေ။ မိမိတို့၏ အမျိုးသားရေးရည်မှန်းချက်၊ လူမှုစည်းလုံးညီညွတ်မှုနှင့် ယဉ်ကျေးမှုတည်တံ့ရေးတို့ကို ထိခိုက်စေနိုင်သည့် အရာများကိုလည်း ခွဲခြားသိမြင်ပြီး မည်သည့်အရာများကို ဟန့်တားရမည်ဆိုသည်ကို ကြိုတင်တွေးတောထားရန် လိုအပ်သည်။

ဆွဲငင်ခြင်းသည် မိတ်ဖက်အင်အားကို တိုးပွားစေခြင်းဖြစ်ပြီး ဟန့်တားခြင်းသည် မိမိတို့၏ ရေရှည်ရည်မှန်းချက်ကို ထိခိုက်စေမည့် အန္တရာယ်များကို ကာကွယ်ခြင်းဖြစ်သည်။ ထို့ကြောင့် အမျိုးသားရေးလုပ်ငန်းစဉ်တစ်ရပ်တွင် မည်သူတို့နှင့် ပေါင်းစည်းမည်၊ မည်သည့်အရာများကို ကာကွယ်တားဆီးမည်ဆိုသည့် မဟာဗျူဟာနှစ်ရပ်စလုံးကို တစ်ပြိုင်နက် စဉ်းစားဆောင်ရွက်ကြရန် လိုအပ်ပေသည်။


နေမျိုးဝေ

#Myanmar #News

မူရင်းသတင်း — Myanmar National Post