Myanmar Digital News

ဒေသတည်ငြိမ်အေးချမ်းဖွံ့ဖြိုးရေး အားလုံးလက်တွဲညီညီကြိုးပမ်း

 

လက်ရှိကာလတွင် ပြည်ထောင်စုကြီးအတွင်းရှိ အချို့ဒေသများ၌ ကာလရှည်ကြာဖြစ်ပေါ်နေသော လက်နက်ကိုင် ပဋိပက္ခများနှင့် အကြမ်းဖက်မှုများကြောင့် ဒေသခံပြည်သူများ၏ နေ့စဉ်လူမှုဘဝများ၊ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးလုပ်ငန်းများအပေါ် ထိခိုက်မှုများစွာရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ သဘာဝအရင်းအမြစ်များနှင့် အလားအလာကောင်းများ ပိုင်ဆိုင်ထားသည့်ဒေသ၏ အရင်းအမြစ်များကို အကျိုးရှိထိရောက်စွာအသုံးချနိုင်ရန်၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားလာစေရန်အတွက် ဒေသတည်ငြိမ်အေးချမ်းမှုရရှိရေးသည် အရေးကြီးသောလိုအပ်ချက်ဖြစ်သည်။

 

တိုင်းရင်းသားလူမျိုးအသီးသီးတို့သည် ရှေးယခင်ကတည်းက တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၍ အတူတကွနေထိုင်လာခဲ့ကြပြီး အချင်းချင်းချစ်ခင်ရင်းနှီးမှု၊ ရိုင်းပင်းကူညီမှုတို့ဖြင့် ငြိမ်းချမ်းသာယာဝပြောသော လူမှုအသိုက်အဝန်းကို တည်ဆောက်ခဲ့ကြသည်။ ယင်းသို့အတူတကွယှဉ်တွဲနေထိုင်လာခဲ့ကြသည့် အစဉ်အလာ ကောင်းများကို ဆက်လက်ထိန်းသိမ်းမြှင့်တင်ပြီး အပြန်အလှန်နားလည်မှု၊ အပြန်အလှန်ယုံကြည်မှုနှင့် အပြန်အလှန်လေးစားမှုတို့ကို အခြေခံသော လူမှုအသိုက်အဝန်းတစ်ရပ် တည်ဆောက်နိုင်ရေးတို့သည် ကျွန်ုပ်တို့ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ ဘုံတာဝန်ပင်ဖြစ်သည်။ ငြိမ်းချမ်းရေးသည် ဒေသဖွံ့ဖြိုး တိုးတက်ရေး၏ အခြေခံအုတ်မြစ်ဖြစ်သကဲ့သို့ အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှုတို့သည်လည်း ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် အဓိကကျသည့် အင်အားများဖြစ်သည်။

 

ထို့ကြောင့် “သဘောထားကွဲလွဲမှုများကို အပြန်အလှန်လေးစားမှု၊ သည်းခံနားလည်မှုနှင့် တွေ့ဆုံဆွေးနွေးမှုတို့ဖြင့် ဖြေရှင်းနိုင်ရေး၊ အကြမ်းဖက်မှုများနှင့် ပဋိပက္ခများလျော့နည်းပပျောက်ရေး၊ လူမှုအသိုက်အဝန်းအတွင်း ယုံကြည်မှုပြန်လည်တည်ဆောက်ရေးတို့အတွက် သက်ဆိုင်သူများအားလုံးက စိတ်ရင်းစေတနာမှန်ဖြင့် ပူးပေါင်း ဆောင်ရွက်ကြပါရန်၊ ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများ၏ အေးချမ်းလုံခြုံမှုနှင့် ဘဝအနာဂတ်ကောင်းမွန်ရေးကိုရှေးရှု၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်ကြိုးပမ်းကြရန်” ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းလှိုင်အောင်က (၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာတွင် အလေးအနက်တိုက်တွန်းပြောကြားထားသည်။

 

ဒေသဖွံ့ဖြိုးတိုးတက်ရေးသည် စီးပွားရေးကဏ္ဍတစ်ခုတည်းဖြင့် ပြည့်စုံနိုင် မည်မဟုတ်ဘဲ ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဘဝအရည်အသွေးတို့ တစ်ပြိုင်တည်းမြင့်မားလာဖို့လိုပါသည်။ ကျန်းမာသန်စွမ်း သော လူသားအရင်းအမြစ်များသည် နိုင်ငံနှင့်ဒေသ၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအင်အားများ ဖြစ်သကဲ့သို့ အရည်အသွေးပြည့်ဝသော ပညာရေးသည်လည်း အနာဂတ်မျိုးဆက်များ၏အောင်မြင်မှုကို ပုံဖော်ပေးမည့် အဓိကအရင်းအမြစ်များဖြစ်သည်။ ထို့ကြောင့် ဒေသခံပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးဝန်ဆောင်မှုများ လက်လှမ်းမီစေရေးအပြင် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အား၊ သန့်ရှင်းသော သောက်သုံးရေနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဒေသ၏လိုအပ်ချက်နှင့်အညီ အလေးထားဆောင်ရွက်နိုင်ရန် ဒေသတည်ငြိမ်အေးချမ်းမှုရှိရေးသည် အထူးလိုအပ်သည်။

 

ဒေသ၏အနာဂတ်ကို ပိုမိုတောက်ပကောင်းမွန်လာစေရန် ကလေးငယ်များ လုံခြုံစွာပညာသင်ယူခွင့်ရရှိရေး၊ လူငယ်များ၏ အရည်အချင်းနှင့်အိပ်မက်များကို အကောင်အထည်ဖော်နိုင်ရေး၊ အမျိုးသမီးများအတွက် တန်းတူညီမျှသောအခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ ဒေသခံပြည်သူများ၏ စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ် လုပ်ငန်းများ တိုးတက်စေရေး၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တီထွင်ဆန်းသစ်မှုကို အားပေးမြှင့်တင်ရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ရှင်သန်တည်တံ့ဖွံ့ဖြိုးရေးတို့ကို အားလုံးက စုပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ဒေသတစ်ခု၏အင်အားသည် သဘာဝအရင်းအမြစ်များနှင့် စီးပွားရေးအလားအလာများတွင်သာ တည်မှီနေခြင်း မဟုတ်ဘဲ ယင်းဒေသအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများ အားလုံး၏ စည်းလုံးညီညွတ်မှု၊ အသိပညာ၊ အတတ်ပညာ၊ စိတ်ဓာတ်နှင့် ပူးပေါင်းဆောင်ရွက်နိုင်မှု စွမ်းအားများအပေါ်တွင် မူတည်နေသည်။

 

ထို့ကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားလူမျိုးစုများ အကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် လေးစားယုံကြည်မှုတို့ကို ပိုမိုခိုင်မာအောင် တည်ဆောက်ကြရန် လိုအပ်ပါသည်။ သို့ဖြစ်ရာ (၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ပေးပို့ခဲ့သည့် သဝဏ်လွှာပါ “သမိုင်းကို တန်ဖိုးထား၊ ယဉ်ကျေးမှုကို ထိန်းသိမ်း၊ ပညာကိုမြှင့်တင်၊ ညီညွတ်မှုကို တည်ဆောက်၍ ငြိမ်းချမ်းသာယာသော အနာဂတ်ကို အတူတကွဖန်တီးကြပါစို့” ဟူသော ခံယူချက်ဖြင့် ကရင်ပြည်နယ်အပါအဝင် ပြည်ထောင်စုကြီး၏ ပိုမိုကောင်းမွန်သောအနာဂတ်ကို အားလုံးလက်တွဲညီညီ တည်ဆောက်သွားကြပါရန် အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။

(ကြေးမုံ)

 

မူရင်းသတင်း — Myanmar Digital News