
နေပြည်တော် နိုဝင်ဘာ ၇
မြန်မာ့သမိုင်းစဉ် ကာလတစ်လျှောက်တွင် နိုင်ငံ့ဂုဏ်တင့်စေရန် အားထုတ်ကြိုးပမ်းမြှင့်တင်ပေးခဲ့ကြသည့် ရှေးမြန်မာမင်းများ၊ ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့ကြသည့် သူရဲကောင်းများ၊ သူ့ကျွန် မခံတွန်းလှန်ခဲ့ကြသည့် မျိုးချစ်ခေါင်းဆောင်ကြီးများ၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလနှင့် လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းကာလများတွင် နိုင်ငံ့အရေးအတွက် စွန့်လွှတ်ပေးဆပ်မှုများဖြင့် အားထုတ်ကြိုးပမ်းခဲ့ကြသည့် တပ်မတော်သားများ၏ ဂုဏ်ယူဖွယ်ရာ စွမ်းဆောင်ချက်များကို သိရှိလေ့လာမှတ်သားနိုင်စေရန် ပြည်ထောင်စုနယ်မြေ နေပြည်တော် အလက(မင်္ဂလာ ဇေယျုံ)၊ အလကခွဲ(ပေါင်းလောင်း)၊ အလကခွဲ(တပ်မတော်)၊ ပညာဥယျာဉ်နန်း ကိုယ်ပိုင်ကျောင်း တို့မှ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများသည် ယနေ့နံနက်ပိုင်းတွင် တပ်မတော် စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ သွားရောက်လေ့လာကြသည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ငါးမြို့နယ်မှ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၀၀ နှင့် အုပ်ချုပ်သူ ဆရာ ဆရာမ ၂၈ ဦးတို့သည်လည်းယနေ့တွင် တပ်မတော်စစ်သမိုင်းပြတိုက်နှင့် နေပြည်တော်ရှိ အထင်ကရနေရာများကို သွားရောက်လေ့လာကြသည်။
“အခု လေ့လာရေးခရီးစဉ်က ကျောင်းသား ကျောင်းသူတွေအတွက် အသိပညာ၊ ဗဟုသုတတွေ ရရှိစေတဲ့အပြင် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ပြီး နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်တွေ ပိုမိုဖြစ်ထွန်းလာစေပါတယ်။ နိုင်ငံ့အနာဂတ်ကို ပုံဖော်ထုဆစ်ကြမယ့် ကျောင်းသား ကျောင်းသူလူငယ်တွေအနေနဲ့ မြန်မာနိုင်ငံ လွတ်လပ် ရေးရအောင် တိုက်ပွဲဝင်ခဲ့ကြတဲ့ သမိုင်းကြောင်းတွေကနေစပြီး ဒီနေ့အချိန်အခါမှာ နိုင်ငံ့ခေါင်းဆောင်တွေ၊ တာဝန်ရှိသူတွေအနေနဲ့ အကောင်းဆုံးကြိုးစားဆောင်ရွက်နေတာကို နားလည်သဘောပေါက်စေမှာ ဖြစ်ပါတယ်။ လက်တွေ့မှာလည်း အသိအမြင်ဗဟုသုတတွေ အများကြီးရရှိတဲ့အတွက် အခုလို ကျောင်းသား ကျောင်းသူတွေ လေ့လာနိုင်အောင် စီမံဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်”ဟု အောင်မြေသာစံ မြို့နယ် အမှတ်(၁၄) အထက(ခွဲ)မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးမိုးမိုးက ပြောကြားသည်။
ထိုသို့လေ့လာရာတွင် ပြတိုက်တာဝန်ရှိသူများက တပ်မတော်(ကြည်း)ပြခန်း၊ တပ်မတော်(ရေ)ပြခန်း၊ တပ်မတော်(လေ)ပြခန်းများနှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် ပြကွက်များ ခင်းကျင်းပြသထားရှိမှုကို လိုက်လံရှင်းလင်းပြသရာ ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
“ပထမဆုံးအနေနဲ့ တပ်မတော်စစ်သမိုင်းပြတိုက်ကို လေ့လာတဲ့အခါမှာ ရှေးမြန်မာမင်းတွေရဲ့ အကြောင်း၊ သူ့ကျွန်မခံဘဲ တွန်းလှန်ခဲ့ကြတဲ့ မျိုးချစ်သူရဲကောင်းတွေအကြောင်း၊ မျိုးချစ်တပ်မတော်သား တွေအကြောင်းကို စေ့စေ့စုံစုံ လေ့လာသိရှိခွင့်ရတယ်။ အခုလို လေ့လာရေးခရီးစဉ်ကနေ ကျွန်မတို့ ကျောင်းသားလူငယ်တွေအနေနဲ့ သမိုင်းကြောင်းတွေကို လေ့လာသိရှိခွင့်ရခဲ့သလို လက်ရှိမှာလည်း တပ်မတော်အနေနဲ့ နိုင်ငံတော်အတွက် အကောင်းဆုံး ကြိုးစားနေတယ်ဆိုတာကိုလည်း သိရှိနားလည်ခွင့်ရတယ်။ ဒီလိုလေ့လာသိရှိနိုင်အောင် လေ့လာရေး ခရီးစဉ်ဆောင်ရွက်ပေးကြတဲ့ ဆရာ ဆရာမတွေ၊ အကြီးအကဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မတို့လို ကျောင်းသားလူငယ်တွေအနေနဲ့ ဒီလိုလေ့လာရေးခရီးစဉ်တွေ သွားရောက်လေ့လာမှလည်း အသိအမြင်၊ ဗဟုသုတတွေ တိုးပွားရရှိမှာဖြစ်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူ မဆုဝေသဇင်ကပြောသည်။
မန္တလေးတိုင်းဒေသကြီးမှ ကျောင်းသား ကျောင်းသူ လေ့လာရေးအဖွဲ့များသည် National Landmark အမျိုးသားအထိမ်းအမှတ်ဥယျာဉ်ရှိ မြန်မာနိုင်ငံအတွင်းရှိ ထင်ရှားသော သမိုင်းဝင်အဆောက်အအုံများ၊ တန်ခိုးကြီးဘုရားစေတီပုထိုးများ ပုံစံငယ်တည်ဆောက်ထားရှိမှု၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအဆောက် အအုံများ၊ အပန်းဖြေစရာ နေရာများနှင့် သဘာဝအခြေခံ အော်ဂဲနစ်စိုက်ခင်းများကို လေ့လာကြည့်ရှုကြသည်။
“တခြားကျောင်းက ကျောင်းသား ကျောင်းသူတွေနဲ့လည်း တွေ့ဆုံခင်မင်ခွင့်ရတယ်။ အတွေ့အကြုံအသစ်၊ ဗဟုသုတအသစ်တွေရပါတယ်။ ဒီနေ့လေ့လာတဲ့ စစ်သမိုင်းပြတိုက်ဆိုတာ ကျွန်တော်တို့လို လူငယ်တွေ နိုင်ငံရဲ့သမိုင်းကြောင်းတွေကို သိရှိဖို့ လေ့လာသင့်တဲ့ နေရာတစ်ခုပါ။ ဒီမှာ လေ့လာသိရှိခဲ့တဲ့ အကြောင်းအရာတွေကို ကိုယ့်နေရပ်ကို ပြန်ရောက်ရင် သူငယ်ချင်းတွေကို ပြန်ပြီးမျှဝေပေးမှာပါ။ ကျောင်းသား ကျောင်းသူတွေအတွက် အခုလိုမျိုး လေ့လာရေးခရီးစဉ်တွေ အမှန်တကယ် လိုအပ်ပါတယ်။ အခုလိုလေ့လာရေး ခရီးစဉ်တွေ ဖန်တီးပေးတဲ့ နိုင်ငံတော်အကြီးအကဲ၊ တာဝန်ရှိသူတွေနဲ့ ဆရာ ဆရာမတွေအားလုံးကို ကျေးဇူးတင်ပါတယ်” ဟု အောင်မြေသာစံမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား မောင်နိုင်မင်း ဝေက ပြောကြားသည်။
အဆိုပါ ကျောင်းသား ကျောင်းသူများသည် နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို သွားရောက် ဖူးမြော်ကြမည်ဖြစ်ပြီး ရေပန်းဥယျာဉ်၊ အမျိုးသားပြတိုက်တို့ကိုလည်း လေ့လာရေးသွားရောက်မည်ဖြစ်ကြောင်း သိရသည်။
သန်းတင်အောင်၊ ခိုင်ဝင်း