
ရွှေကုက္ကိုလ်နယ်မြေ၊ ဒုတိယပိုင်းအတွင်း ရှိသည့် တရားမဝင်အဆောက်အဦ ၆၃ လုံးအနက် ၉ လုံးကို ဖြိုချဖျက်ဆီးခဲ့ပြီး ၅၄ လုံးကို ဆက်လက်ဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ လူမှုစီးပွားနယ်ပယ်နှင့် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ပပျောက်စေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့်ပူးပေါင်းကာ အပြီးတိုင် လုံးဝပပျောက်သွားစေရေး ဆောင်ရွက်လျက်ရှိရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံး လုပ်ကိုင်ခဲ့သည့် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံများ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ထပ်မံလုပ်ကိုင်နိုင်ခြင်းမရှိစေရန် အဆိုပါအဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများကို စနစ်တကျဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ လုပ်ကိုင်ခဲ့သည့် ဖြိုချဖျက်ဆီးရန်ကျန် တရားမဝင်အဆောက်အအုံများအနက် ယာဉ်ယန္တရားများအသုံးပြု၍ ဖြိုချဖျက်ဆီးလျက်ရှိသည့် ၆ ထပ် အဆောက်အအုံ ၁ လုံးအား နိုဝင်ဘာ ၇ ရက်အထိ ၉၀ ရာခိုင်နှုန်း ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း၊ ထပ်မံ၍ ၅ ထပ် အဆောက်အအုံ ၁ လုံး အား ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမှုမှာ နိုဝင်ဘာ ၇ ရက်အထိ ၃၀ ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်း သိရှိရသည်။
ရွှေကုက္ကိုလ်နယ်မြေ၊ ဒုတိယပိုင်းအတွင်း၌ အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဖြိုချဖျက်ဆီးရန်ကျန် အဆောက်အအုံ ၆၃ လုံးအား ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ၊ ဖောက်ခွဲ၍ဖြိုချဖျက်ဆီးမည့် အဆောက်အအုံနှင့် လူနေအိမ်များနှင့် မလွတ်ကင်း၍ လူအင်အားအသုံးပြုကာ တစ်လွှာချင်း ဖြိုချဖျက်ဆီးမည့် အဆောက်အအုံဟူ၍ အမျိုးအစားအလိုက်ခွဲခြားသတ်မှတ်ပြီး စနစ်တကျဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိရာ ဖောက်ခွဲ၍ ဖြိုချမည့်အဆောက်အအုံ ၄ လုံးနှင့် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၅ လုံး၊ စုစုပေါင်း အဆောက်အအုံ ၉ လုံးတို့ကို စနစ်တကျဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်ပြီး ကျန်ရှိသည့် တရားမဝင်အဆောက်အအုံ ၅၄ လုံးကိုလည်း စနစ်တကျဆက်လက်ဖြိုချ ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။