
ငလျင်ဒဏ်အပါအဝင် အရေးပေါ် အခြေအနေနှင့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာ ကွယ်ရေး အစီအမံများ ဦးစားပေး ထည့်သွင်းဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောကြားသည်။
နိုဝင်ဘာ ၇ ရက်က အထူးကုဆေးရုံသစ်ကြီး တည်ဆောက်ရေးလုပ်ငန်းခွင်ရှိ ဓာတ်မှန်ဌာန၊ ခွဲစိတ်ခန်းများ၊ အထူးကြပ်မတ်ကုသဆောင်နှင့် အတွင်းလူနာခန်းများ ဆောက်လုပ်ပြီးစီးမှု အခြေအနေအားကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်ရှိ ခုတင် ၃၀၀ ဆံ့ အထူးကုဆေးရုံသစ်ကြီးတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ နှလုံးဆေးကုဌာန၊ နှလုံး နှင့်သွေးကြောခွဲစိတ်ကုဌာန၊ ဦးနှောက်နှင့်အာရုံကြောဆေးကုဌာန၊ ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ကုဌာနများအား အဆင့်မြင့်ကုသမှုဌာနများအဖြစ် ပြောင်းလဲဖွင့်လှစ်ရန်လျာထားပြီး ကုသရေးလုပ်ငန်း၊ ဆေးပညာသင်ကြားရေးလုပ်ငန်းနှင့် သုတေသနလုပ်ငန်းများ ပါဝင်သည့် အထူးကုဆေးရုံသစ်ကြီး အဖြစ်ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်။
ကြည့်ရှုစစ်ဆေးစဉ် ဆေးရုံအင်္ဂါရပ်နှင့်အညီ ဖွဲ့စည်းပုံညီညွတ်မှုရှိစေရန်၊ ငလျင်ဒဏ်အပါအဝင် အရေးပေါ် အခြေအနေနှင့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေး အစီအမံများ ဦးစားပေး ထည့်သွင်းဆောင်ရွက်ရန် မှာကြားသည်။
ထို့အတူ ပြည်ထောင်စုဝန်ကြီးသည် အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)ရန်ကုန်၊ ခြောက်ထပ်ဆောင်ရှိ ဓာတ်မှန်ဌာနတွင် ကွန်ပျူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန်နှင့် သွေးကြောဓာတ်မှန် (Angiogram) ရိုက်ကူးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အသည်း၊ သည်းခြေလမ်းကြောင်းနှင့် ပန်ကရိယခွဲစိတ်ကုပညာဌာနတွင် ဆေးရုံတက်ရောက်ကုသမှုခံ ယူလျက်ရှိသည့် အတွင်းလူနာများကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဆေးရုံအုပ်ကြီး၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ ဌာနမှူးများ၊ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ အခြားကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပြီးလူနာများကို ဆေးကုသရာတွင် စောင့်ထိန်းရမည့် ကျင့်ဝတ်များနှင့်အညီ ကောင်းမွန်သော စိတ်ထားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန်နှင့် အသိပညာ အတတ်ပညာများကို မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်း သင်ကြားပေးရန် မှာကြားခဲ့သည်။