၉.၁၁.၂၀၂၆
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံတွင် တောမီးလောင်ကျွမ်းမှုများကို ငြှိမ်းသတ်ရန် ဆောင်ရွက်နေသည့် ရဟတ်ယာဉ်တစ်စင်းသည် ဘော်နီယိုကျွန်း၊ တောင် ကာလီမန်တန်ပြည်နယ်တွင် မီးငြှိမ်းသတ်ရန်အတွက် ဘာရီတို မြစ်ထဲမှ ရဟတ်ယာဉ်၏ရေပုံးထဲသို့ ရေဖြည့်ရေခပ်ယူနေစဉ် မြစ်ထဲသို့ ပျက်ကျခဲ့မှု နိုဝင်ဘာ ၈ ရက်က ဖြစ်ပွားခဲ့ရာ ရဟတ်ယာဉ်အဖွဲ့သားတစ်ဦး သေဆုံးခဲ့ရကြောင်း ဒေသတွင်း ဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီတစ်ခုက ပြောကြားခဲ့သည်။
ဤမတော်တဆမှုသည် အင်ဒိုနီးရှားနိုင်ငံတွင် မီးငြှိမ်းသတ်ရေး ရဟတ်ယာဉ်တစ်စင်းနှင့် ပတ်သက်သည့် ရက်ပိုင်းအတွင်း ဒုတိယမြောက် ဖြစ်ရပ်ဖြစ်သည်။ နိုဝင်ဘာ ၄ ရက်ကလည်း ဘော်နီယိုကျွန်းအနီး ရေပြင်တွင် စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ်တစ်စင်း ထိုးကျခဲ့ရာ လူ သုံးဦး သေဆုံးခဲ့ရသည်။

နိုဝင်ဘာ ၈ ရက်က ဖြစ်ပွားခဲ့သော မတော်တဆမှုတွင် ဩစတြေးလျနိုင်ငံသား ရဟတ်ယာဉ်မှူးနှစ်ဦး အသက်ရှင်ကျန်ရစ်ခဲ့ပြီး ဘေးကင်းလုံခြုံစွာ ရှိနေကြောင်း အမျိုးသား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဘာတွန် ပန်ဂျေတန်က နိုဝင်ဘာ ၈ ရက် အစောပိုင်းက AFP သတင်းဌာနသို့ ပြောကြားသည်။ ၎င်းတို့၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုမူ ချက်ချင်း မသိရှိရသေးပေ။
ဘာရီတိုမြစ်ထဲမှ ရေပုံးထဲသို့ ရေဖြည့်ပြီးနောက် မီးငြှိမ်းသတ်ရေး ရဟတ်ယာဉ်မှာ ဖြည်းဖြည်းချင်း အောက်ဘက်သို့ ဆွဲကျသွားကာ နောက်ဆုံးတွင် ဦးခေါင်းပိုင်း အရင်စိုက်ဝင်ကာ ရေထဲသို့ ထိုးကျသွားပုံကို ဗီဒီယိုမှတ်တမ်းတစ်ခုတွင် တွေ့မြင်ရသည်။
ရေငုပ်သမားလေးဦး ပါဝင်သည့် ရှာဖွေကယ်ဆယ်ရေး အဖွဲ့တစ်ဖွဲ့သည် ဒေသစံတော်ချိန် ညနေ ၆:၀၈ နာရီတွင် နောက်ဆုံးကျန်ရှိနေသူ (သေဆုံးသူ) ကို ရေအောက်မှ ဆယ်ယူရရှိခဲ့ကြောင်း ပြည်နယ်မြို့တော် ဘန်ဂျာမာဆင်ရှိ ရှာဖွေကယ်ဆယ်ရေးရုံးမှ နိုဝင်ဘာ ၈ ရက် ညနေပိုင်းတွင် ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။
အရှေ့တောင်အာရှရှိ ဤကျွန်းနိုင်ငံသည် ဆူမားတြား၊ ဘော်နီယိုနှင့် ပါပူအာ ကျွန်းများရှိ ဧရိယာ ကျယ်ဝန်းသော နေရာများတွင် လောင်ကျွမ်းနေသည့် တောမီးများကို ထိန်းချုပ်ရန် လပေါင်းများစွာ ကြိုးပမ်းနေရသည်။ ဤတောမီးများကြောင့် ဖြစ်ပေါ်လာသော မီးခိုးမြူများသည် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် မလေးရှား၊ အရှေ့တီမောနှင့် စင်ကာပူနိုင်ငံများအထိ ပျံ့နှံ့ရောက်ရှိခဲ့သည်။
“ရဟတ်ယာဉ်အုပ်စုက မီးငြှိမ်းသတ်ဖို့ ရေဖြန်းတဲ့ လုပ်ငန်းစဉ်ကို ဆောင်ရွက်နေတုန်း ဒီဖြစ်ရပ် ဖြစ်ခဲ့ရတာပါ” ဟု ပြောရေးဆိုခွင့်ရှိသူ ဘာတွန်က AFP သို့ ပြောကြားသည်။
အင်ဒိုနီးရှားစစ်တပ်၏ ထုတ်ပြန်ချက်အရ အဆိုပါ Eurocopter EC225LP Super Puma အမျိုးအစား ရဟတ်ယာဉ်ပျက်ကျမှုသည် မီးငြှိမ်းသတ်ရန်အတွက် ရေကို ခပ်ယူနေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။
သစ်တောပြုန်းတီးမှုကို စောင့်ကြည့်လေ့လာသည့် Nusantara Atlas ၏ အချက်အလက်များအရ ဟက်တာ ၁ ဒသမ ၉ သန်းကျော်ကို ဖျက်ဆီးပစ်ခဲ့သည့် တောမီးလောင်ကျွမ်းမှုများကို ထိန်းချုပ်ရန် အတွက် အင်ဒိုနီးရှားနိုင်ငံသည် မြေပြင်မီးသတ်တပ်ဖွဲ့များအပြင် လေကြောင်းမှ မီးငြှိမ်းသတ်ရေး လုပ်ငန်းများကိုပါ အဓိက အားထားလုပ်ဆောင်ခဲ့ရသည်။
ဤမီးလောင်ကျွမ်းမှုများ ဖြစ်ပွားရသည့် အကြောင်းရင်းတစ်ခုမှာ အင်ဒိုနီးရှားတွင် ပုံမှန်အားဖြင့် မိုးခေါင်ရေရှားမှုကို ဖြစ်ပေါ်စေတတ်သည့် ပြင်းထန်သော အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ဖြစ်သည်။
Ref: AFP