Myanmar Transparency News

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် လေထီးခုန်သူ အမျိုးသမီးနှစ်ဦး ကောင်းကင်ယံ၌ တိုက်မိ သေဆုံး

သက်တံ့
၇. ၁၁. ၂၀၂၆

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ အယ်လ်စီနိုးရေကန် (Lake Elsinore) တွင် လေထီးခုန်ဆင်းစဉ် ဝင်တိုက်မိခဲ့ပြီး ပြင်းထန်သော ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီးနောက် လေထီးခုန်သူ အမျိုးသမီးနှစ်ဦး သေဆုံးသွားခဲ့ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက သောကြာနေ့တွင် အတည်ပြုပြောကြားခဲ့သည်။

တာဝန်ရှိသူများ၏ ဖော်ပြချက်အရ အဆိုပါ သေစေလောက်သည့် ကောင်းကင်ယံ တိုက်မိမှုသည် ကယ်လီဖိုးနီးယားတောင်ပိုင်း၊ ရိဗာဆိုင်းခရိုင်ရှိ လော့စ်အိန်ဂျလိစ်မြို့လယ်၏ အရှေ့တောင်ဘက် ၇၅ မိုင်ခန့်အကွာ Lake Elsinore မြို့ရှိ Skydive Elsinore လေထီးခုန်စင်တာ၏ အထက်ကောင်းကင်ယံ၌ သောကြာနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်အတွင်းထိခိုက်သူများ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ပြန်ခြင်းမရှိသေးသည့် အဆိုပါ တရားဝင်လိုင်စင်ရ အတွေ့အကြုံရင့် လေထီးခုန်သူ နှစ်ဦးသည် မြေပြင်သို့ ဆင်းသက်ရန် ပြင်ဆင်နေစဉ် မြေပြင်အထက် ပေ ၁၅၀ ခန့်အကွာ ကောင်းကင်ယံ၌ တိုက်မိခဲ့ကြခြင်းဖြစ်ကြောင်း Skydive Elsinore အရ သိရသည်။ ၎င်းတို့၏ လေထီးများ ငြိတွယ်သွားခဲ့ပြီးနောက် ထိန်းချုပ်မရတော့ဘဲ မြေပြင်သို့အရှိန်ဖြင့်ကျရောက်ချိန်တွင် နှစ်ဦးစလုံး ပြင်းထန်သော ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။

၎င်းတို့အား လူနာတင်ယာဉ်ဖြင့် ဝိုင်ဒိုမာ (Wildomar) မြို့ရှိ Inland Valley ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ပေးခဲ့သော်လည်း ဆေးရုံ၌ပင် သေဆုံးသွားခဲ့ကြသည်။

သေဆုံးသူ လေထီးခုန်သူ နှစ်ဦးစလုံးသည် စင်တာတွင် ပြုလုပ်သည့် စနစ်တကျ လေထီးခုန်ပွဲတစ်ခု၌ ပါဝင်ရန် ထိုဒေသသို့ လာရောက်လည်ပတ်နေသူများဖြစ်ကြောင်း Skydive Elsinore က ဆိုသည်။ သို့သော် လေထီးခုန်သူ နှစ်ဦး၏ သွင်ပြင်လက္ခဏာ အသေးစိတ်ကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

“Skydive Elsinore အနေနဲ့ သေဆုံးသွားသူ လေထီးခုန်သူ နှစ်ဦးရဲ့ မိသားစုများ၊ သူငယ်ချင်းများနှင့် ချစ်ခင်ရသူများနဲ့အတူ ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်းနဲ့ ထိခိုက်ခံစားရသူ အားလုံးနဲ့အတူ ဝမ်းနည်းရပါတယ်” ဟု အဆိုပါစင်တာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လေထီးခုန်စင်တာ၏ ပြောကြားချက်အရ စက်ပစ္စည်းများ ချို့ယွင်းချက်ရှိသည့် အထောက်အထားမျိုး မတွေ့ရဘဲ ဒေသတွင်း တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။

ထိုနေ့တွင် Inland Empire ဒေသတစ်ဝိုက်၌ အရှေ့မြောက်လေ တိုက်ခတ်လျက်ရှိပြီး Lake Elsinore ၏ အရှေ့ဘက် ၁၄ မိုင်ခန့်အကွာရှိ March Air Reserve တပ်စခန်း ဝန်းကျင်တွင် လေပြင်းတိုက်ခတ်မှုတစ်နာရီလျှင် မိုင် ၂၀ အထိ ရှိခဲ့သည်။ အဆိုပါ ဖြစ်စဉ်တွင် လေတိုက်ခတ်မှု ပါဝင်ပတ်သက်ခြင်း ရှိ၊ မရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

အခြားသော အားကစားနည်းများကဲ့သို့ပင် လေထီးခုန်ခြင်းတွင် ပင်ကိုယ်သဘာဝ စွန့်စားရမှုများ ပါဝင်နေသော်လည်း စနစ်တကျ ပြင်ဆင်မှုနှင့် ကြိုတင်ကာကွယ်မှုများက ထိုစွန့်စားရမှုများကို လျှော့ချရန် ကူညီပေးနိုင်သည်။

“လူအများစုက စက်ပစ္စည်း ချို့ယွင်းမှုကြောင့် မတော်တဆမှု အများစု ဖြစ်ပွားရတာလို့ ထင်ကြပေမဲ့ လက်တွေ့မှာတော့ အများစုဟာ ရိုးရှင်းတဲ့ လူသားတို့ရဲ့ အမှား (Human error) ကြောင့် ဖြစ်ကြတာပါ” ဟု အမေရိကန် လေထီးအသင်း (United States Parachute Association – USPA) က ဆိုသည်။

USPA ၏ ဝက်ဘ်ဆိုက်အရ ၂၀၂၅ ခုနှစ်တွင် လေထီးခုန်ဆင်းမှုပေါင်း ၃.၄၇ သန်း ရှိခဲ့ရာမှ သေဆုံးမှု ၁၆ မှု ဖြစ်ပွားခဲ့ကြောင်း ခန့်မှန်းထားသည်။ အဆိုပါ ကိန်းဂဏန်းသည် အားကစားနည်း၏ သေဆုံးမှု အများဆုံး နှစ်များဖြစ်ခဲ့သော ၁၉၇၀ ပြည့်လွန်နှစ်များနှင့် နှိုင်းယှဉ်ပါက နည်းပါးသည်ဟု အသင်းက ဖော်ပြထားသည်။

Ref: NBC

မူရင်းသတင်း — Myanmar Transparency News