သက်တံ့
၇. ၁၁. ၂၀၂၆
ခိုးယူထားသော ယာဉ်အတွင်းမှ သေနတ် သုံးလက်နှင့် ကျည်ဆံများကို သံသယဖြစ်ဖွယ် တွေ့ရှိခဲ့ရပြီးနောက် အသက် ၂၆ နှစ်အရွယ် ဗင်နီဇွဲလား နိုင်ငံသားတစ်ဦးကို အိမ်ဖြူတော်အနီးတွင် လျှို့ဝှက်ထောက်လှမ်းရေးအေးဂျင့်များ (Secret Service) က ဖမ်းဆီးခဲ့သလို ကားနှင့်အတူတွေ့ရသော ဖမ်းမိတရားခံက သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်ကို သတ်ရန် ခေါင်းထဲမှ အသံများက ခိုင်းစေခဲ့ကြောင်း ရဲအရာရှိများအား ထွက်ဆိုခဲ့သည်ဟု အမိမြေ လုံခြုံရေးဌာန (DHS) က ထုတ်ပြန်သည်။
ပြီးခဲ့သည့် ကြာသပတေးနေ့ သန်းခေါင်ယံအချိန်မတိုင်မီက အိမ်ဖြူတော်အနီး ကွန်စတီကျူးရှင်း ရိပ်သာ (Constitution Avenue) တွင် ပုံမှန် ကင်းလှည့်နေသည့် လျှို့ဝှက်ထောက်လှမ်းရေး ရဲအရာရှိတစ်ဦးသည် ရပ်ထားသော အပြာရောင် Ford F-150 ပစ်ကပ်ထရပ်ကားတစ်စီးထံ သွားရောက်စစ်ဆေးရာမှ ယာဉ်အတွင်းရှိ အမျိုးသား၌ လက်နက်များ ပါရှိနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
ရဲအရာရှိသည် သံသယဖြစ်ဖွယ် လှုပ်ရှားမှုကို သတိပြုမိပြီးနောက် ယာဉ်ထံသို့ သွားရောက်ကာ ထိုသူ ဘေးကင်းရဲ့လားနှင့် လက်နက် ပါ မပါ မေးမြန်းခဲ့သည်။
DC အထက်တရားရုံးသို့ တင်သွင်းသည့် ပြစ်မှုဆိုင်ရာ တိုင်ကြားချက်အရ သံသယရှိသူ ဗင်နီဇွဲလားနိုင်ငံသား ရွန်နီ ယော့ဒရစ်ချ် ဂွာနီပါ ချရီနို့စ် (Ronny Yordrix Guanipa Chrinos) သည် လက်နက်ပါ မပါ မေးခွန်းကို ခေါင်းငြိမ့်ပြခဲ့ပြီး လက်ညှိုးဖြင့် သေနတ်ပုံစံ ပြုလုပ်ပြခဲ့သည်။ ထို့နောက် ၎င်းသည် ယာဉ်ပေါ်မှ ဆင်းလာကာ Google Translate မှတစ်ဆင့် စုံစမ်းစစ်ဆေးသူများနှင့် စကားပြောခဲ့သည်။
တစ်စုံတစ်ဦးက သူ့အား အဆိုပါသေနတ်ဖြင့် သတ်ရန် ကြိုးစားခဲ့သဖြင့် ၎င်းတို့ထံမှ ပြန်လုယူထားခြင်းဖြစ်ကြောင်း ၎င်းက ရဲအရာရှိများအား ပြောကြားခဲ့သည်ဟု ဆိုသည်။ ထို့အပြင် ယာဉ်အတွင်းရှိ အညိုရောင်အိတ်ဆီသို့လည်း စုံစမ်းစစ်ဆေးသူများအား ညွှန်ပြခဲ့သည်။
ယာဉ်ကို ရှာဖွေစစ်ဆေးရာ စုံစမ်းစစ်ဆေးသူများသည် MAC-10 စက်ပစ္စတိုတစ်လက်၊ Glock 43x ပစ္စတိုတစ်လက်နှင့် AR-15 ရိုင်ဖယ်တစ်လက်စသည့် သေနတ် သုံးလက်ကို သိမ်းဆည်းရမိခဲ့သည်။ ထို့အပြင် ကျည်ဆံ အများအပြားကိုပါ တွေ့ရှိခဲ့ကြောင်း ပြစ်မှုဆိုင်ရာ တိုင်ကြားချက်နှင့် DHS အရ သိရသည်။
အဆိုပါ ယာဉ်မှာ ဆောက်သ်ကာရိုလိုင်းနား (South Carolina) ပြည်နယ်တွင် ခိုးယူခံရကြောင်း သတင်းပို့ထားသည့် ယာဉ်ဖြစ်ကြောင်း နောက်ပိုင်းတွင် အတည်ပြုနိုင်ခဲ့သည်။
ဝါရှင်တန်ဒီစီသို့ လာရောက်၍ သမ္မတ ထရမ့်ပ်ကို သတ်ရန် ခေါင်းထဲမှ အသံများက ခိုင်းစေခဲ့သည်ဟု ဂွာနီပါ ချရီနို့စ် က ပြောကြားခဲ့ကြောင်း DHS က ဆိုသည်။ သို့သော် ခေါင်းထဲမှ အသံများနှင့် ပတ်သက်သည့် ထွက်ဆိုချက်မှာ တရားရုံး ပြစ်မှုဆိုင်ရာ ထွက်ဆိုချက် စာရွက်စာတမ်းတွင် ဖော်ပြထားခြင်း မရှိပေ။
အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူး ရှောင် ကာရန် (Sean Curran) က ဤဖြစ်စဉ်သည် အိမ်ဖြူတော်ပတ်ဝန်းကျင်တွင် ခြိမ်းခြောက်မှုများ မြင့်တက်နေသည့် အခြေအနေ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ဖော်ပြခဲ့သည်။
“ဒီဖြစ်စဉ်ဟာ ကျွန်တော်တို့ ဆောင်ရွက်နေရတဲ့ မြင့်တက်နေတဲ့ ခြိမ်းခြောက်မှု အခြေအနေတွေကို ထင်ဟပ်စေသလို အိမ်ဖြူတော် ဝန်းကျင်ဆီ ဆွဲဆောင်ခံရတဲ့ လက်နက်ကိုင်ပုဂ္ဂိုလ်များပြားလာမှုကိုပါ ပြသနေပါတယ်” ဟု ကာရန် က ပြောကြားခဲ့သည်။
၎င်းတို့ ဝန်ထမ်းများသည် ဒီလိုအခြေအနေများကို တုံ့ပြန်ရန် လေ့ကျင့်ထားပြီးဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သော်လည်း ခြိမ်းခြောက်မှုဆိုင်ရာ ဖြစ်စဉ်များ တိုးပွားလာမှုအပေါ် စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ဂွာနီပါ-ချရီနို့စ် ကို အမေရိကန် ရဲဘက်အဖွဲ့ (US Marshals Service) က ထိန်းသိမ်းလိုက်ပြီး ယာဉ်ကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုမှု၊ ခိုးရာပါပစ္စည်း လက်ခံမှု၊ လိုင်စင်မရှိဘဲ ပစ္စတို ကိုင်ဆောင်မှု၊ လိုင်စင်မရှိဘဲ ရိုင်ဖယ် ကိုင်ဆောင်မှုတို့အပြင် အခြား သေနတ်ဆိုင်ရာ ပြစ်မှုများစွာဖြင့် တရားစွဲဆိုထားသည်။
အွန်လိုင်း တရားရုံး မှတ်တမ်းများအရ ၎င်းသည် သောကြာနေ့တွင် DC အထက်တရားရုံးသို့ တက်ရောက်ခဲ့ရပြီး အာမခံမရဘဲ ဆက်လက် ထိန်းသိမ်းခံထားရသည်။
ဂွာနီပါ-ချရီနို့စ် သည် ၂၀၂၄ ခုနှစ် မတ်လတွင် တက္ကဆပ်စ်ပြည်နယ်မှတစ်ဆင့် အမေရိကန်သို့ ဝင်ရောက်လာသည့် ဗင်နီဇွဲလားနိုင်ငံမှ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတစ်ဦးဖြစ်ကြောင်း DHS က ပြောကြားခဲ့သည်။ အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ရဲတပ်ဖွဲ့ (ICE) က ၎င်းအား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဖမ်းဝရမ်း ထုတ်ပြန်ထားသည်။
Ref: India Today