Myanmar Transparency News

စိုင်မြစ်အတွင်း အာဆင်းနစ်ဓာတ်များသတ်မှတ်စံနှုန်းထက် မြင့်မားစွာပါဝင်နေမှုကြောင့် မယ်ဆိုင်မြို့နယ်ရှိ ကျေးရွာ ၁၄ ရွာတွင် ရေပေးဝေမှု လျှော့ချခဲ့ရ

သက်တံ့

၇. ၁၁. ၂၀၂၆

စိုင်မြစ် (Sai River) အတွင်း သတ်မှတ်စံနှုန်းထက် ပိုမိုမြင့်မားသော အာဆင်းနစ်ဓာတ်များ ပါဝင်နေခြင်းနှင့် ရေထုပုံမှန်မဟုတ်ဘဲ အလွန်အမင်း နောက်ကျိနေခြင်းတို့ကြောင့် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်ရှိ ကျေးရွာ ၁၄ ရွာသို့ ပေးဝေနေသည့် သောက်သုံးရေ ပမာဏကို ပုံမှန်၏ ၆၀ ရာခိုင်နှုန်းအထိ နိုဝင်ဘာလ ၅ ရက်နေ့တွင် လျှော့ချခဲ့ရကြောင်း ပြည်နယ် ရေပေးဝေရေးအာဏာပိုင်အဖွဲ့ (PWA) က ထုတ်ပြန်သည်ကို The Thaiger က ဖော်ပြသည်။

သို့သော် ယမန်နေ့ နိုဝင်ဘာလ ၆ ရက်နေ့တွင် ရေထုတ်လုပ်မှု ပမာဏကို ၈၀ ရာခိုင်နှုန်းခန့်အထိ ပြန်လည် မြှင့်တင်နိုင်ခဲ့ပြီဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။

ချင်းရိုင်ခရိုင် အုပ်ချုပ်ရေးမှူး ချူချစ် ဖောင်ချိုင်း (Chuchip Pongchai) သည် ရေပေးဝေရေးအဖွဲ့နှင့် ညစ်ညမ်းမှု ထိန်းချုပ်ရေးဌာန တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် မယ်ဆိုင်မြို့နယ်၊ ဟွာဖိုင်ဧရိယာရှိ ဘန်းသမ်ဖာချွန်း (Ban Tham Pha Chom) အနီး မြစ်ရေအခြေအနေကို သွားရောက် စစ်ဆေးခဲ့သည်။ စိုင်မြစ်ရေ လျော့နည်းသွားမှုကြောင့် ညစ်ညမ်းပစ္စည်းများ၏ ပါဝင်မှုနှုန်း ပိုမိုသိပ်သည်းလာခဲ့ပြီး ရေပြတ်လပ်ခဲ့သည့် ကျေးရွာများမှ ပြည်သူများ လုံလောက်သော ရေပမာဏကို မရရှိခဲ့ကြကြောင်း၊ ခရိုင်အစိုးရအနေဖြင့် တုံ့ပြန်ဆောင်ရွက်မှုများကို ကိုင်တွယ်ဖြေရှင်းနေပြီး အခြေအနေမှာ ပိုမိုကောင်းမွန်လာနေပြီဖြစ်ကြောင်း ချူချစ် က ပြောကြားခဲ့သည်။

PWA မယ်ဆိုင်ဌာနခွဲ စာရင်းကိုင်မန်နေဂျာ ခွန်ဆန်း ဆန်မာ (Khomsan Sanma) ၏ ပြောကြားချက်အရ နိုဝင်ဘာလ ၅ ရက်နေ့က စိုင်မြစ်မှ စုပ်ယူခဲ့သော သဘာဝရေကြမ်းသည် ပုံမှန်မဟုတ်ဘဲ အလွန်အမင်း နောက်ကျိနေခဲ့သည်ဟု သိရသည်။ ပဏာမ စစ်ဆေးမှုများအရ အာဆင်းနစ်ဓာတ် ပါဝင်မှုမှာ စံချိန်စံညွှန်းထက် ပိုမိုမြင့်မားနေပြီး ရေနောက်ကျိမှုနှုန်းမှာ ရေသန့်စင်စက်ရုံ လက်ခံနိုင်သည့် ပမာဏထက် ပိုမိုများပြားသော  14,000 NTU (Nephelometric Turbidity Units) အထိ ရှိနေခဲ့သည်။ ပုံမှန်အားဖြင့် ရေနောက်ကျိမှုနှုန်းသည် နွေရာသီတွင် 800 မှ 1,000 NTU နှင့် ရေကြီးရေလျှံချိန်တွင် 3,000 မှ 6,000 NTU သာ ရှိလေ့ရှိသည်။

ချင်းမိုင်မြို့ရှိ ဒေသတွင်း သဘာဝပတ်ဝန်းကျင်နှင့် ညစ်ညမ်းမှုထိန်းချုပ်ရေး ရုံးအမှတ် (၁) ၏ ရေထု၊ လေထုနှင့် ဆူညံသံ စီမံခန့်ခွဲရေးဌာန ညွှန်ကြားရေးမှူး ပိယနွတ် ဆူအန်ခမ်း (Piyanut Suangkham) ၏ ပြောကြားချက်အရ စိုင်မြစ်အတွင်း အာဆင်းနစ်ဓာတ် ပါဝင်မှုသည် သြဂုတ်လဆန်းပိုင်းတွင် သတ်မှတ်စံနှုန်း၏ ၂၈ ဆအထိ မြင့်တက်ခဲ့ပြီး နောက်ပိုင်းတွင် တစ်လီတာလျှင် ၀.၀၁၂ မှ ၀.၀၁၇ မီလီဂရမ်အထိ ပြန်လည်လျော့ကျသွားခဲ့သော်လည်း ယင်းပမာဏမှာ မြင့်မားသည့် ပမာဏဖြစ်နေဆဲဖြစ်ကြောင်း သိရသည်။

အထက်ပိုင်း ရေဝေရေလဲဒေသများတွင် မိုးရွာသွန်းမှုကြောင့် ဓာတုပစ္စည်းများ မြစ်အတွင်းသို့ မျောပါလာခြင်းဖြစ်သည်ဟု ၎င်း၏ရုံးက ယူဆထားပြီး စက်တင်ဘာလ စစ်ဆေးမှုများအရ ကော့မြစ် (Kok)၊ ရုအက်မြစ် (Ruak) နှင့် မဲခေါင်မြစ်တို့တွင်မူ ဘေးကင်းသည့် စံနှုန်းအတွင်း၌သာ ရှိကြောင်း တွေ့ရှိခဲ့ရသည်။

အရေးပေါ် အစီအမံတစ်ခုအနေဖြင့် PWA သည် ပြည်သူများထံ ဖြန့်ဝေပေးရန်အတွက် သောက်သုံးရေ အရန်ကန်များကို စီစဉ်ဆောင်ရွက်ပေးထားသည်။ ရေရှည်စီမံကိန်းအနေဖြင့် မဲခေါင်မြစ်ရေကို မယ်ဆိုင်မြို့နယ်သို့ လွှဲပြောင်းပေးဝေရေးနှင့် ချင်းဆဲန် (Chiang Saen) မြို့တွင် စက်ရုံသစ် တည်ဆောက်ပြီးပါက မဲခေါင်မြစ်ရေကို စုပ်ယူပေးဝေသွားရေးတို့ ပါဝင်သည်။

လွန်ခဲ့သည့်နှစ် မေလက ထုတ်ပြန်ခဲ့သည့် ဒေသတွင်း ညစ်ညမ်းမှုထိန်းချုပ်ရေး အစီရင်ခံစာတစ်ခုတွင် ကိုးချန်ကျေးရွာအုပ်စု၊ ဘန်းပါဆန်းငမ် (Ban Pa Sang Ngam) ရှိ စိုင်မြစ်အတွင်း အာဆင်းနစ်ဓာတ် ပါဝင်မှုသည် အမျိုးသား သတ်မှတ်စံနှုန်းထက် ၄၉ ဆခန့်အထိ ပိုမိုမြင့်မားနေကြောင်း တွေ့ရှိခဲ့ရပြီး အောက်တိုဘာလ ၈ ရက်နေ့တွင် ရောဂါထိန်းချုပ်ရေးဦးစီးဌာနက မယ်ဆိုင်မြို့နယ်ရှိ ကျေးရွာအုပ်စု ၅ ခုမှ ပြည်သူများအား စိုင်မြစ်ရေကို သောက်သုံးခြင်း၊ ချက်ပြုတ်ခြင်း၊ ရေခဲပြုလုပ်ခြင်းနှင့် မြစ်အတွင်းမှ ဖမ်းဆီးရမိသော ငါးများကို စားသုံးခြင်းမပြုရန် သတိပေးခဲ့သည်။ ထို့အတူ ပြည်သူများအနေဖြင့် စံချိန်စံညွှန်းမီ သောက်သုံးရေသန့် သို့မဟုတ် သက်ဆိုင်ရာ ဌာနများက စစ်ဆေးထားသော တွင်းရေ/ရေပိုက်လိုင်းရေများကိုသာ အသုံးပြုကြရန်နှင့် ပုံမှန်မဟုတ်သော ရောဂါလက္ခဏာများ တွေ့ရှိပါက ကျန်းမာရေးဝန်ထမ်းများနှင့် သွားရောက်ပြသကြရန်လည်း အကြံပြုခဲ့သည်။

Ref: The Thaiger

မူရင်းသတင်း — Myanmar Transparency News