Myanmar Transparency News

ဆိုက်ဘာတိုက်ခိုက်မှုများအတွက် ကြိုတင်ပြင်ဆင်ကြရန် ဘဏ္ဍာရေးအဖွဲ့အစည်းများကို ထိုင်းဗဟိုဘဏ် တိုက်တွန်း

သက်တံ့

၉. ၁၁. ၂၀၂၆

ပြည်ပနိုင်ငံများရှိ ဘဏ္ဍာရေးအဖွဲ့အစည်းများကို ပစ်မှတ်ထားသည့် ဆိုက်ဘာတိုက်ခိုက်မှုများနှင့် IT စနစ် အနှောင့်အယှက်ဖြစ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းဗဟိုဘဏ် (BOT) က ဘဏ္ဍာရေးအဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏ ဆိုက်ဘာလုံခြုံရေး အစီအမံများကို တိုးမြှင့်ရန်နှင့် ဖြစ်လာနိုင်ဖွယ်ရှိသော ဆိုက်ဘာတိုက်ခိုက်မှုများအတွက် ကြိုတင်ပြင်ဆင်ကြရန် ညွှန်ကြားလိုက်သည်။

ထိုင်းဗဟိုဘဏ်၏ ဘဏ္ဍာရေးအဖွဲ့အစည်းများ တည်ငြိမ်ရေးဆိုင်ရာ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဆူဝမ်နီ ဂျက်ဆာဒါဆက် (Suwannee Jatsadasak) က ဗဟိုဘဏ်အနေဖြင့် ယခုအခြေအနေကို အနီးကပ် စောင့်ကြည့်လျက်ရှိကြောင်းနှင့် လက်ရှိအချိန်အထိ ထိုင်းနိုင်ငံရှိ ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ ဝန်ဆောင်မှုများအပေါ် သက်ရောက်မှုတစ်စုံတစ်ရာ မတွေ့ရှိရသေးကြောင်း ပြောကြားခဲ့သည်။

သို့သော် နိုင်ငံအတွင်း ဆိုက်ဘာခြိမ်းခြောက်မှုများအပေါ် ကြိုတင်ပြင်ဆင်နိုင်စွမ်းကို တိုးမြှင့်ရန်အတွက် ထိုင်းဗဟိုဘဏ်သည် ဘဏ္ဍာရေးအဖွဲ့အစည်းအားလုံးမှ သတင်းအချက်အလက် နည်းပညာဆိုင်ရာ အရာရှိချုပ်များ (CIOs)၊ ထိုင်းဘဏ်လုပ်ငန်းကဏ္ဍ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (TB-CERT) နှင့် ထိုင်းဘဏ်လုပ်ငန်းရှင်များအသင်း (TBA) မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကြိုတင်ကာကွယ်မှုနှင့် တုံ့ပြန်မှုအစီအမံများ တင်းကြပ်ရန်၊ ဖြစ်နိုင်ခြေရှိသော ခြိမ်းခြောက်မှုများကို စောင့်ကြည့်ရန်၊ သက်ဆိုင်ရာ သတင်းအချက်အလက်များ မျှဝေရန်နှင့် ဆိုက်ဘာဘေးအန္တရာယ်အဆင့်နှင့် ကိုက်ညီသည့် ကြိုတင်ပြင်ဆင်မှုများ ရှိစေရန် အခြေအနေများကို ဆန်းစစ်ရန် အဓိကထား ဆွေးနွေးခဲ့ကြသည်။

ထိုင်းဗဟိုဘဏ်နှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများသည် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများကို အနီးကပ် ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ပြီး၊ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ IT နှင့် ဆိုက်ဘာလုံခြုံရေးစနစ်များ အနှောင့်အယှက်မရှိ ဆက်လက်လည်ပတ်နိုင်ရေးကို အထူးဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့အပြင် ပြည်သူများ ဘဏ္ဍာရေးဝန်ဆောင်မှုများ အသုံးပြုရာတွင် လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ၎င်းတို့၏ လုပ်ငန်းစဉ် ဆက်လက်လည်ပတ်ရေး အစီအစဉ်များ (BCPs) အောက်မှ အဓိက ငွေပေးချေမှုစနစ်များအတွက် အရေးပေါ်တုံ့ပြန်ရေး လေ့ကျင့်မှုများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။

Ref: Khaosod

မူရင်းသတင်း — Myanmar Transparency News