Myanmar Transparency News

အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေမှသာ မြန်မာဒုက္ခသည်များကို လက်ခံမည်ဟု ထိုင်းဝန်ကြီးချုပ် ပြောကြား

သက်တံ့

၉. ၁၁. ၂၀၂၆

မြန်မာနိုင်ငံအတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးလာသူများကို ထိုင်းနိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်သွားမည်ဖြစ်သော်လည်း အသက်အန္တရာယ် စိုးရိမ်ရသည့် စိစစ်ချက်များ မရှိပါက နိုင်ငံအတွင်း ဝင်ရောက်နေထိုင်ခွင့်ပြုမည် မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုထင် ချာဝီရကွန် (Anutin Charnvirakul) က တနင်္လာနေ့တွင် ပြောကြားလိုက်သည်ဟု Khaosod သတင်းဌာနက ဖော်ပြသည်။

အမျိုးသားလုံခြုံရေးကောင်စီ (NSC) အစည်းအဝေးအပြီး ညနေ ၃ နာရီ မိနစ် ၄၀ အချိန် အစိုးရအဖွဲ့ရုံး၌ သတင်းထောက်များကို ပြောကြားရာတွင် အကူအညီတောင်းခံသူများ ထိုင်းနိုင်ငံဘက်သို့ ဖြတ်ကျော်ဝင်ရောက်လာပါက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရေး ပြင်ဆင်ထားရန် သက်ဆိုင်ရာ အာဏာပိုင်များကို ညွှန်ကြားထားကြောင်း အနုထင်က ဆိုသည်။

အဆိုပါ ညွှန်ကြားချက်များကို မြန်မာနိုင်ငံနှင့် နယ်စပ်ထိစပ်နေသည့် တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မဲဆောက်မြို့နယ် အာဏာပိုင်များအပါအဝင် သက်ဆိုင်ရာ ဌာနဆိုင်ရာများသို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း အခြေအနေများ ပြန်လည်ကောင်းမွန်လာပါက စစ်ဘေးရှောင်သူများကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်သွားမည်ဟု အနုထင်က ပြောကြားခဲ့သည်။

လတ်တလော အခြေအနေများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံဘက်သို့ ဖြတ်ကျော်ဝင်ရောက်လာသူ မရှိသေးကြောင်း ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အစီရင်ခံထားသည်ဟုလည်း ဝန်ကြီးချုပ်က ဆိုသည်။

NSC အနေဖြင့် နယ်စပ်တစ်လျှောက် လုံခြုံရေးအခြေအနေများကို ဆန်းစစ်ခဲ့ပြီးဖြစ်ရာ စစ်ဘေးရှောင်များအနေဖြင့် အသက်အန္တရာယ် ပြင်းထန်စွာ ခြိမ်းခြောက်ခံရသည့် အခြေအနေမျိုး မဟုတ်ပါက ယာယီခိုလှုံရန်အတွက် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့် ပြုမည်မဟုတ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

သို့သော်လည်း အခြေအနေများအပေါ် မူတည်၍ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း အနုထင်က အတည်ပြုခဲ့သည်။

ထိုင်းနယ်စပ်အနီး ကရင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် အကြမ်းဖက်လက်နက်ကိုင်များအကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေချိန်တွင် ယခုကဲ့သို့ ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

လွန်ခဲ့သည့် သီတင်းပတ်များအတွင်း မြန်မာဘက်ခြမ်း တိုက်ပွဲများမှ ကျည်ဆန်နှင့် လက်နက်ကြီးကျည်များသည် ထိုင်းပိုင်နက်အတွင်းသို့ အကြိမ်ကြိမ် ကျရောက်ခဲ့သဖြင့် နယ်စပ်လုံခြုံရေးနှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။ ထိုင်းအစိုးရအနေဖြင့် လိုအပ်သည့် နေရာများတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်သွားမည်ဖြစ်ပြီး စစ်ဘေးရှောင်များကို လက်ခံရေး သို့မဟုတ် ဆက်လက်နေထိုင်ခွင့်ပြုရေးမှာ ၎င်းတို့ ရင်ဆိုင်နေရသည့် အန္တရာယ်၏ ပြင်းထန်မှုအပေါ်တွင်သာ မူတည်မည်ဟု တရားဝင် ရပ်တည်ထားသည်။

Ref: Khaosod

မူရင်းသတင်း — Myanmar Transparency News