Myanmar Transparency News

ဘန်ကောက်ရှိ ကုန်တိုက်တစ်ခုတွင် ထိုင်းခရိုင်အုပ်ချုပ်ရေးမှူး၏ မိခင်ဖြစ်သူပိုင်ရွှေထည်များ တရုတ်နိုင်ငံသားတစ်ဦး၏ လှည့်စားလိမ်လည်ခံရမှု ဖြစ်ပွား

သက်တံ့

၉. ၁၁. ၂၀၂၆

ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်တွင် ခရိုင်အုပ်ချုပ်ရေးမှူးတစ်ဦး၏ မိခင်ဖြစ်သူထံမှ ရွှေငါးဘတ်သား (၇၆ ဂရမ်ခန့်) လှည့်စားယူဆောင်ခဲ့သည့် အွန်လိုင်းခေါ်ဆိုလိမ်လည်မှု (Call Centre Scam) နှင့် ပတ်သက်၍ တရုတ်နိုင်ငံသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

အသက် ၄၇ နှစ်အရွယ် တရုတ်နိုင်ငံသား မိုင်ကျူးကျွမ်း (Mai Zhujun) ကို နိုဝင်ဘာ ၇ ရက် (စနေနေ့) က ဟွေ့ခွမ် (Huai Khwang) မြို့နယ်၊ ဆွိုင် ပရာချာရတ် ဘမ်ဖန် ၁၃ ရှိ တိုက်ခန်းတစ်ခုတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့က ၎င်းအား အခြားသူတစ်ဦးအဖြစ် ဟန်ဆောင်ကာ ပြည်သူများအား ပူးပေါင်းလိမ်လည်မှုဖြင့် စွပ်စွဲထားသည်။

၎င်းနေထိုင်ရာ တိုက်ခန်းကို ဝင်ရောက်ရှာဖွေစဉ် ရဲအရာရှိများသည် ဘဏ်စာအုပ် ၆ အုပ်၊ မိုဘိုင်းဖုန်း ၁၄ လုံး၊ ငွေသား ဘတ် ၃၆,၇၀၀ နှင့် ခရက်ဒစ်/ဒက်ဘစ်ကတ် ၁၂ ကတ်တို့ကို သိမ်းဆည်းရမိခဲ့သည်။ မိုင်က ရဲတပ်ဖွဲ့သို့ ထွက်ဆိုရာတွင် ၎င်း၏တာဝန်မှာ ငွေကြေးလွှဲပြောင်းရန် ငှားရမ်းထားသည့် ထိုင်းဘဏ်အကောင့် (Mule Accounts) ပိုင်ရှင်များထံမှ ငွေများလိုက်လံကောက်ခံပြီး USDT ခရစ်ပတိုကာရင်စီ (ဒစ်ဂျစ်တယ်ငွေကြေး) သို့ ပြောင်းလဲကာ ကျားဖြန့်ကွန်ရက်၏ အထက်လူကြီးများထံ လွှဲပြောင်းပေးရန်ဖြစ်ကြောင်း ထွက်ဆိုသည်။

စုံစမ်းစစ်ဆေးသူများသည် အဆိုပါအမှုနှင့် ပတ်သက်၍ စောစီးစွာ ဖမ်းဆီးရမိခဲ့သည့် အသက် ၁၈ နှစ်အရွယ် အာနွန် (Arnon) ဆိုသူ ထိုင်းနိုင်ငံသား သံသယရှိသူမှတစ်ဆင့် မိုင်ကို ခြေရာခံမိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကျားဖြန့်ဂိုဏ်းသည် အုပ်ချုပ်ရေးမှူး၏ မိခင်ဖြစ်သူအား တာအိုပွန်း (Tao Poon) ရှိ ကုန်တိုက်တစ်ခုသို့ သူမ၏ ရွှေထည်ရတနာများကို ယူဆောင်လာပြီး၊ လိမ်လည်လှည့်ဖြားခံထားရသည့် အခြား အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦးထံ လွှဲပြောင်းပေးအပ်ရန် စည်းရုံးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ထို့နောက် အာနွန်က ထိုအမျိုးသမီးထံမှ ရွှေများကို ပြန်လည်ရယူခဲ့ခြင်းဖြစ်သည်။

ကျားဖြန့်ဂိုဏ်းမှ ဖုန်းဆက်သူများသည် ရဲအရာရှိများအဖြစ် ဟန်ဆောင်ကာ သူမအား ရာဇဝတ်မှု စုံစမ်းစစ်ဆေးမှုတစ်ခုနှင့် ဆက်စပ်နေကြောင်းနှင့် စစ်ဆေးရန်အတွက် သူမ၏ အဖိုးတန်ပစ္စည်းများကို သိမ်းဆည်းရန် လိုအပ်သည်ဟု စွပ်စွဲပြောဆိုခဲ့ကြသည်။ အာနွန်ကမူ ရွှေများကို ရောင်းချခဲ့ပြီး ရရှိလာသည့် ငွေများထည့်ထားသည့် အိတ်ကို ဂိုဏ်းခေါင်းဆောင်ထံ လွှဲပြောင်းပေးရန်အတွက် မိုင်၏ တိုက်ခန်းသို့ သွားရောက်ထားရှိခဲ့ကြောင်း ဝန်ခံခဲ့သည်။ တရုတ်အမျိုးသားတစ်ဦး အောက်ထပ်သို့ ဆင်းလာပြီး ငွေအိတ်ကို လာရောက်ယူဆောင်သွားသည်ကို တွေ့ရှိခဲ့ရပြီးနောက် စုံစမ်းစစ်ဆေးမှုအရ ထိုသူမှာ မိုင်ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ရှာဖွေစဉ်အတွင်း ရဲအရာရှိများသည် အသက် ၄၀ အရွယ် ရှီရူဘို (Shi Ruibo) ဆိုသူ အခြား တရုတ်နိုင်ငံသားတစ်ဦးကိုလည်း တွေ့ရှိခဲ့ကြသည်။ ၎င်းသည် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူဖြစ်ပြီး အွန်လိုင်းခေါ်ဆိုလိမ်လည်မှု ကျားဖြန့်လုပ်ငန်းများနှင့် ပတ်သက်၍ တရုတ်နိုင်ငံတွင် ဝရမ်းထုတ်ခံထားရသူဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ ရှီရူဘိုသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှတစ်ဆင့် ထွက်ခွာလာပြီး အိမ်နီးချင်းနိုင်ငံတစ်ခုသို့ မော်တော်ယာဉ်ဖြင့် သွားရောက်ခဲ့ကာ ထို့နောက် လူဝင်မှုကြီးကြပ်ရေးကို ဖြတ်သန်းခြင်းမရှိဘဲ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာခြင်းဖြစ်သည်။

၎င်းအား နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် တရားစွဲဆိုထားပြီး လူဝင်မှုကြီးကြပ်ရေးဗျူရို စုံစမ်းစစ်ဆေးသူများထံ လွှဲပြောင်းပေးခဲ့သည်။

အဆိုပါ ဖမ်းဆီးမှုသည် အွန်လိုင်းခေါ်ဆိုလိမ်လည်မှု ကွန်ရက်များနှင့် ဆက်စပ်နေသည့် နိုင်ငံခြားသားများကို ပစ်မှတ်ထား၍ လတ်တလော ပြုလုပ်ခဲ့သော စစ်ဆင်ရေးများအနက် တစ်ခုဖြစ်သည်။

သီးခြားအမှုတစ်ခုတွင်လည်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်းနှင့် ပတ်သက်၍ ဝရမ်းထုတ်ခံထားရသည့် တရုတ်အမျိုးသမီးတစ်ဦးကို ဗီဇာသက်တမ်း ၃၉၄ ရက် ကျော်လွန်နေထိုင်မှုဖြင့် စမွတ်ပရာကန် (Samut Prakan) တွင် ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

Ref: Thaiger

မူရင်းသတင်း — Myanmar Transparency News