
သန့်ဇင်(NP News) - နိုဝင်ဘာ ၉
မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း များကို DKBA ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်အေဝမ်းက ရေအားလျှပ်စစ်ဖြင့် လျှပ်စစ်ဓာတ် အားရရှိရေး ကူညီပေးထားကြောင်း သိရှိသူသတင်းရင်းမြစ်များက NP News သို့ပြောသည်။
“ဘုရားသုံးဆူမှာ ဗိုလ်အေဝမ်းက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ရေအားလျှပ်စစ်နဲ့ လျှပ်စစ်မီး ပေးနေပြီ။ ရေတံခွန်နားက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေပေါ့”ဟု သိရှိသူသတင်းရင်းမြစ်က ပြောသည်။
အဆိုပါရေအားလျှပ်စစ်စီမံကိန်းကို ဘုရား သုံးဆူမြို့ကိုထိန်းချုပ်ထားသည့်သဘောရှိသောDKBA ခေါင်းဆောင် ဗိုလ်အေဝမ်းကဦးဆောင်ကာ ထီးလောင်ယှူးရေတံခွန်တွင် လွန်ခဲ့သည့် (၆) နှစ်ခန့်ကပင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အခြားသောသတင်းရင်းမြစ်ဆိုသည်။
“ဖားနှစ်ကောင်လို့လည်းခေါ်ကြတယ်။ ထီးလောင်ယှူးရေတံခွန်ပေါ့။ အဲဒီမှာ ရေအားလျှပ်စစ်ကို အရင်က ပညာရှင်မပါတော့ သိပ်မထုတ်နိုင်ဘူး။ အခုတော့ တရုတ်ပညာရှင်တွေနဲ့ ရေအားလျှပ်စစ်ကို သေသေချာချာ ပိုင်ပိုင်နိုင်နိုင်ထုတ်ထားတယ်။ ထီးလောင်ယှူးမှာ ရေအားလျှပ်စစ်လုပ်ဖို့လုပ်နေတာ ကြာ ပြီ။ အချောသပ်ပြီးတာက အခုနှစ်ထဲမှ ပြီးတာပါ” ဟု ၎င်းကပြောသည်။
ထို့နောက် ယခုနှစ် ဧပြီလကစတင်ကာ ဘုရားသုံးဆူမြို့နယ်တွင်းရှိ ဗိုလ်အေဝမ်း၏ ထိန်းချုပ် မှုအောက်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် ရေအားလျှပ်စစ်မှ လျှပ်စစ်မီးများ ရရှိလာခဲ့ခြင်းဖြစ် ကြောင်း ၎င်းကဆိုသည်။
“အွန်လိုင်းငွေလိမ်ရုံအကုန်လုံးကို ပေးတာမဟုတ်ဘူး။ သူပေးတာက ဗိုလ်အေဝမ်းပိုင်တဲ့ အွန် လို င်းငွေလိမ်လုပ်ငန်းရုံ (၂၃)ရုံရှိတယ်။ အဲဒီထဲကမှ (၁၂)ရုံကိုပေးတာ။ ကျန်တာက မီးစက်နဲ့ပေးတာနဲ့ ဆို လာနဲ့ပေးတာတွေ ရှိတယ်။ အဓိကကတော့ မီးစက်တွေနဲ့လုပ်ကြတာပါ။ ဗိုလ်အေဝမ်းရုံတွေကတော့ ရေ အားလျှပ်စစ်တစ်လှည့်နဲ့ မီးစက်တစ်လှည့်ပေါ့”ဟု ၎င်းကဆက်ပြောသည်။
ဘုရားသုံးဆူမြို့တွင် အွန်လိုင်းငွေလိမ်လုပ်ငန်းများသည် (၂၀၂၅) ခုနှစ် နှစ်စပိုင်းကစတင်ကာ ပိုမို ကြီးထွားလာခဲ့သည့်အတွက် ထိုင်းနိုင်ငံအစိုးရက လျှပ်စစ်မီးနှင့် စက်သုံးဆီဖြတ်တောက်မှုကို (၂၀၂၅) ခု နှစ် ဖေဖော်ဝါရီ (၅)ရက်က စတင်ခဲ့ကြောင်း သိရသည်။
ထို့နောက် အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် အွန်လိုင်းလောင်းကစားအပါအဝင် ကာစီနိုလုပ်ငန်း များ ဘုရားသုံးဆူမြို့အတွင်းမှထွက်ခွာရန် DKBA ဘက်မှလည်း (၂၀၂၅)ခုနှစ် ဖေဖော်ဝါရီ (၂၈)ရက်တွင် ထုတ်ပြန်ကြေညာခဲ့ဖူးသည်။
သို့သော်လည်း လျှပ်စစ်မီးနှင့် အင်တာနက်များ ဆက်လက်လည်ပတ်ခဲ့သည့်အပြင် အွန်လိုင်းငွေ လိမ်လုပ်ငန်းများပါ ဆက်လက်ကြီးထွားလာခဲ့ပြီးနောက် လက်ရှိတွင် ရေအားလျှပ်စစ်ဖြင့် လျှပ်စစ်ဓာတ် အား ရရှိခြင်းအပါအဝင် အင်တာနက်များကိုပင် ကေဘယ်လ်ဖြင့် ပေါ်တင်သွယ်တန်း ရယူနေလျက်ရှိ ကြောင်း အထက်ပါသတင်းရင်းမြစ်ကဆိုသည်။
“နောက်ပြီး အင်တာနက်ကိုလည်း ကေဘယ်လ်တွေနဲ့ သွယ်တာ။ အဲဒါတွေကလည်း မြန်မာ နိုင်ငံထဲကနေပဲ ရတာ။ အမှန်တိုင်းပြောရရင် အော်ပရေတာ (ဥစနမအေသမ) တစ်ခုခုက ကောင်တွေက နောက်ကွယ်ကနေ တိုးတိုးလေး လာတပ်ပေးထားတာတောင် ရှိတယ်။ ထိုင်းဘက်က အင်တာနက်နဲ့ လျှပ်စစ်မီးဖြတ်ပြီးနောက်မှာ အဲဒီလိုတွေ ဖြစ်လာတာ။ အခု ကြာအင်းဆိပ်ကြီးမှာ အင်တာနက်ရတယ် မလား။ အဲဒီက အင်တာနက်ကို တောထဲကနေ ကေဘယ်လ်တွေနဲ့သွယ်ပြီး ဒီကိုရောက်တာ။ အစိုးရ မသိ အောင်လုပ်နေတာတွေ အများကြီးရှိတယ် ဒီမှာက” ဟု ၎င်းကဆက်ပြောသည်။
